Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲအတွင်း ကမ္ဘောဒီးယားစစ်ဗိုလ်ချုပ်ကြီး ၁ ဦး ကျဆုံး
DVB
·
July 30, 2025
Photo: Bangkok Post

ခုရက်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တိုက်ပွဲ ပဋိပက္ခအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နီးစပ်သူ စစ်ဗိုလ်ချုပ်ကြီးတယောက် ကျဆုံးခဲ့တယ်လို့  ဇူလိုင် ၃၀ ရက် Bangkok Post သတင်းမှာဖော်ပြပါတယ်။

ဆရီဒပ်ခ် အမည်ရတဲ့ အဆိုပါ ဗိုလ်ချုပ်ကြီး သေဆုံးမှုကို ကမ္ဘောဒီးယားစစ်တပ် သတင်းရင်းမြစ် တခုက ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြုခဲ့ပြီး သူဟာ ကမ္ဘောဒီးယား တော်ဝင်တပ်မတော်နဲ့ ထောက်ပံ့ရေးတပ်မ ၃ မှာ ဒုတိယတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ဆရီဒပ်ခ်ဟာ နှစ်နိုင်ငံ နယ်စပ်ပဋိပက္ခတွေ မြင့်တက်လာမှုကို လျော့ကျစေဖို့ ထိုင်းနိုင်ငံ ဆူရာနရီစစ်ဌာနချုပ်မှ တပ်မှူး ဗိုလ်ချုပ် ဆွန်ဖော့ ဖာရာဝေ့ဂျ်နဲ့ အပြန်အလှန် ဆွေးနွေးခဲ့သလို သူဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ နှစ်နိုင်ငံနယ်စပ်က ပရီယာဗီဟာ ရှေးဟောင်းဘုရား ဗိမာန်တော် ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ ပြင်းထန်တဲ့ အစောပိုင်းပဋိပက္ခတွေမှာလည်း ပါဝင်ခဲ့သူ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သူ့ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ထိုင်းဝန်ကြီးချုပ်ရဲ့ အကြံပေး ဂျာခရာပေါ့ဘ် ဖန်ခဲက “ထိုင်းနိုင်ငံရဲ့ တန်ပြန်တိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ ကမ္ဘောဒီးယား ဗိုလ်ချုပ်ကြီး ဆရီဆိုတာ နှစ်နိုင်ငံကြား သွေးထွက်သံယိုဖြစ်အောင် သွေးထိုးလှုံ့ဆော်သူ ဖြစ်တယ်ဆိုတာကို မမေ့ခင် မှတ်တမ်းတင်ထားပါရစေ” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားခဲ့သလို အငြင်းပွားနယ်မြေဖြစ်တဲ့ မြတြိဂံဒေသမှာရှိတဲ့ Tri Muk Pavilion မှာ ဂီတဖျော်ဖြေပွဲကို ဦးဆောင်ကျင်းပခဲ့တာလည်း သူ့ရဲ့ဇနီးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံဘက်က စစ်အရာရှိတွေက သတိပေးခဲ့သေးပေမဲ့လည်း ဗိုလ်ချုပ်ကြီး ဆရီဒပ်ခ်က ကန့်သတ်ထားတဲ့ ထိုင်းနယ်မြေအတွင်း ကတုတ်ကျင်းတူးတာတွေ အပါအဝင် ရန်စတာတွေ စတင်လုပ်ဆောင်ကာ တုံ့ပြန်ခဲ့တာကြောင့် ဒါဟာ တင်းမာမှုကို နှိုးဆွဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အစီအစဉ်ကို ပြသခဲ့တာဖြစ်ကြောင်းလည်း မစ္စတာ ဂျာခရာပေါ့ဘ်က ပြောပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013