Home
နိုင်ငံတကာ
ထိုင်းစစ်တိုင်းမှူးကို ကမ္ဘောဒီးယားဘက်က အောက်လမ်းနည်းဖြင့် ကျိန်စာတိုက် 
DVB
·
July 30, 2025

နယ်စပ်အငြင်းပွားမှုပြဿနာကြောင့် ထိုင်းစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ကမ္ဘောဒီးယားဟာ မြေပြင် တိုက်ပွဲအပြင် တဘက်တလမ်းကလည်း အောက်လမ်းနည်းနဲ့ ကျိန်စာတိုက် တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

လည်ပင်းမှာ ဆင်းတုတွေ၊ စိပ်ပုတီးတွေ အပြည့်ဆွဲပြီး တကိုယ်လုံးအင်းကွက်တွေထိုးထားတဲ့  မုတ်ဆိတ်ဖွားရသေ့တပါးဟာ နတ်စင်ရှေ့မှာ အုန်းပွဲငှက်ပျောပွဲ ဆီမီးဖယောင်းတိုင် အမွှေးတိုင် ထွန်းပြီး ဂါထာရွတ်နေတယ် ၊ အဲဒီဘေးမှာလည်း ထိုင်းအမှတ်- ၂ စစ်တိုင်း‌ဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဆင်- ဖတ်ကလန်ရဲ့ ပုံပါ ပိုစတာကြီးကို သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲထားတာကို ရုပ်သံမှာ မြင်တွေ့ရပါတယ်။

ရသေ့က ဂါထာရွတ်အပြီးမှာတော့ နောက်ခံက ကြောက်လန့်စရာနဲ့ ဟားတိုက်ရယ်သံတွေ ကြုံးဝါးသံတွေပါတဲ့ တီးလုံးတွေဖွင့်ထားပြီး ဖိုးသူတော်ဝတ်စုံ အဖြူရောင်ဝတ်ဆင်ထားသူတွေ ၊ အနီရောင်ဝတ်စုံဝတ် အမျိုးသားအမျိုးသမီးတွေဟာ ဓား ၊ လှံ ၊ သံချွန် စတဲ့လက်နက် ကိုယ်စီကိုင်စွဲထားကြပါတယ်။

ဒီနောက်တဦးချင်း သိုင်းကွက်နင်းပြီး တိုင်းမှူးဓာတ်ပုံရှေ့ကို တိုးလာပါတယ်ကာ အဲဒီလက်နက်တွေနဲ့ တိုင်းမှူးရဲ့ဓာတ်ပုံကို ထိုးနှက်ကြပြီး အဆုံးမှာတော့  ဓာတ်ပုံကို မီးရှို့ ဖျက်ဆီး လိုက်ကာ တံတွေးတွေထွေးပြီး ကျိန်စာတိုက်ကြတာ မြင်တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ပြုစားခံရသူ ထိုင်းစစ်တပ်မှ စစ်တိုင်းမှူးကို သတင်းထောက်က မေးရာမှာ တိုင်းမှူးက ခပ်ပြုံးပြုံးနဲ့ ကျနော် ကတော့ အေးဆေးပါ လို့ ပြန်ဖြေခဲ့ပါတယ်။

မနေ့က ထိုင်း နဲ့ ကမ္ဘောဒီးယား နှစ်ဘက်တပ်မှူးတွေ အပစ်ခတ်ရပ်ဆွေးနွေးကြတာမှာ အမှတ်- ၂ စစ်တိုင်းမှူးကလည်း ထိုင်းဘက်ကနေ ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲမှာ ဇူလိုင်  ၂၄ မှ ၂၈ ထိ ၅ ရက်အတွင်း ထိုင်းစစ်တပ်ဘက်က စစ်သည် ၁၃ ယောက်ကျဆုံးပြီး ၁၇၅ ယောက်ဒဏ်ရာရခဲ့ပါတယ်။

နယ်စပ်မှာရှိတဲ့ ဖူးမခေ၊ ချောင့်အန်မာ့၊ တာမိန်းထုန်းပြဿာဒ်၊ တာခွိုင်းပြဿာဒ်၊ ချောင့်ဘုတ်အစပ်၊ ဒုံးဒွန်း၊ ဆတ်တဆုမ်၊ ချောင့်ကျွမ်၊ ချောင့်ဆိုင်တကူး ဘန့်ကလုတ်၊ ဖရဝိဟာရ်၊ ဖလန်းယောင်း စတဲ့ နေရာ ၁၁ နေရာကို သိမ်းယူနိုင်ခဲ့တယ်လို့  ထိုင်းအမှတ် ၂ စစ်တိုင်းက ထုတ်ပြန်ပါတယ်။ 

Source :  3Plus News / Voice TV / เฮียอั๋น ประชาชื่น FB  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013