
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား ၁၆၂ ယောက်ကို ဇူလိုင် ၃၁ ရက် နေ့လယ် ၁၁ နာရီခွဲလောက်က မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရှိ လှေဆိပ်ကို နှစ်နိုင်ငံ တာဝန်ရှိသူတွေက လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား ၁၆၂ ယောက်ကို ရနောင်းမြို့၊ ပန်နားရပ်ကွက်ရှိ စူလ်ကာကော် လှေဆိပ်ကတဆင့် မြန်မာနိုင်ငံ ကော့သောင်းဘက်ကို လွှဲပြောင်းခဲ့တာလို့ ထုတ်ပြန်ထားပြီး ကျားမဦးရေ အရေအတွက် အတိအကျကိုတော့ ရေးသားဖော်ပြထားခြင်းမရှိတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကတော့ ပြစ်ဒဏ်ကျတဲ့ အမျိုးသား ၁၀၄ ယောက်နဲ့ အမျိုးသမီး ၂၇ ယောက်တို့ကို လွှဲပြောင်းပို့ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဇွန် ၃၀ ရက်မှာ ပြစ်ဒဏ်ကျသူ ၉၈ ယောက်ကို ထပ်မံ လွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။
နေရပ်ပြန်ပို့ခံရတဲ့သူတွေထဲမှာ ဇွန် ၃၀ ရက်နဲ့ အခု ဇူလိုင် ၃၁ ရက်နေ့တွေက လွှဲပြောင်းပို့ဆောင်တဲ့ အမျိုးသား၊ အမျိုးသမီး အရေအတွက်ကို အတိအကျ ဖော်ပြရေးထားတာ မတွေ့ရတော့ဘူးလို့ ကော့သောင်းဒေသခံ ပြည်သူတွေက ပြောပါတယ်။
နေရပ်ပြန်ပို့ခံရတဲ့သူတွေကို စစ်ကောင်စီက လွှဲပြောင်းရယူပြီးတော့ အသက် ၁၈ နဲ့ ၄၀ ကြားရှိ အမျိုးသားတွေကို ကော့သောင်းမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေထဲကို ခေါ်ဆောင်သွားပြီး စစ်မှုထမ်း လူသစ်စုဆောင်းနေတယ်လို့ ကော့သောင်းဒေသခံ ပြည်သူတွေဆီက သိရပါတယ်။