Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် မြန်မာလုပ်သား ၁,၀၀၀ ကျော် ဇူလိုင်လအတွင်း ဖမ်းဆီးခံရ
DVB
·
August 3, 2025

ထိုင်းနိုင်ငံကို ပုံစံမျိုးစုံနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှု နေ့စဉ်လိုလိုရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ တလအတွင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမား အယောက် ၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့  အလုပ်သမားအရေး လှုပ်ရှားသူတွေက DVB ကို ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှာ စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ပုံစံမျိုးစုံနဲ့ တရားမဝင် ဝင်ရောက်လာကြသလို ထိုင်းအာဏာပိုင်တွေဘက်ကလည်း နေ့စဉ်လိုလို ဖမ်းဆီးမှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁,၀၀၀ ကျော်လောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး နောက်ဆုံးရက်သတ္တပတ်ထဲမှာတော့ နှစ်ရက်အတွင်း  မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ လောက်အထိဖမ်းဆီးခံခဲ့ရတာပါ။

ဇူလိုင် ၃၀ ရက်က ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီ ခရိုင်ထဲမှာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၂ ယောက် ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီ အလုပ်သမားတွေဟာ မြန်မာနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို သွားဖို့ ထိုင်းနိုင်ငံကို ဖြတ်ကာ တရားမဝင် ဝင်ရောက်လာကြသူတွေ ဖြစ်ပြီး၊ ထိုင်းနိုင်ငံ ဆန်ခပူရီကတဆင့် မလေးရှားကို သွားဖို့ တယောက်ကို ဘတ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပွဲစားကြေးတွေပေးဆောင်ရတယ်လို့ သိရပါတယ်။

AAC မြန်မာအလုပ်သမားအရေး လှုပ်ရှားသူ ဦးရဲမင်းက “ လက်ရှိကတော့ ဒီရက်ပိုင်း ဖမ်းဆီးခံရတဲ့ မြန်မာတွေကတော့ အလုပ်ရုံတွေ၊ စက်ရုံတွေမှာ ဝင်ဖမ်းဆီးတဲ့ အရေအတွက်ထက် နယ်စပ်ဖြတ်ကျော်ပြီးတော့ မြန်မာနိုင်ငံကနေ ထိုင်းမှာ အလုပ်လာလုပ်မယ့်သူတွေ၊ ထိုင်းကနေဖြတ်ပြီး မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်မယ့်သူတွေ စသဖြင့် အဲ့လို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး လူပို့တဲ့ ပွဲစားတွေကတဆင့် ဝင်လာတဲ့ မြန်မာလုပ်သားတွေ ဖမ်းဆီးခံနေရတယ်။ လွန်ခဲ့တဲ့ တပတ်အတွင်း မြန်မာလုပ်သား ၁,၂၀၀ လောက် ထိ ဖမ်းဆီးခံလိုက်ရပြီ သိရတယ်။ ဟိုရက်ပိုင်းကဆိုရင် ၂ ရက်အတွင်း ၃၀၀ ကျော် ဖမ်းဆီးခံရတယ်။ ဒီထက်လည်း ပိုများနိုင်တယ် သိရတယ်။ အဓိကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာာကို စောင့်ပြီး ဖမ်းဆီးနေတဲ့ အခြေအနေ ရှိနေတာပေါ့”လို့ ပြောပါတယ်။

ဇူလိုင် ၂၉ ရက်ကလည်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ကို အလုပ်လုပ်ဖို့လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ဟာ မြဝတီ-မဲဆောက် လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာခဲ့ပြီး တယောက်ကို ပွဲစားခ ဘတ်ငွေ ၁၂,၀၀၀ ကနေ ၁၈,၀၀၀ ထိ ပေးပြီးလာခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်လိုတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းမှာ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ အထောက်အထား အစုံအလင်ပြုလုပ်ဖို့ လိုပြီး၊ အလုပ်ရှင် အလုပ်သမား အချက်အလက် မှန်မှန်ကန်ကန် လုပ်ကိုင်ဖို့လည်း အလုပ်အရေး လှုပ်ရှားသူတွေက တိုက်တွန်း ပြောပါတယ်။

Labour Rights Foundation ပြောခွင့်ရ ဦးအောင်ကျော်က “ ကျနော် အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ သူ့နိုင်ငံကနေ တရားဝင် စာရွက်စာတမ်းရအောင် လုပ်ရမယ်။ အလုပ်ရှင် အလုပ်သမား မှန်ကန်အောင် အလုပ်လုပ်ရမယ်။ သတ်မှတ်ထားတဲ့ နေရာနဲ့ တိကျ မှန်ကန်အောင် လုပ်ရမယ်။ ပြီးကျတော့ သူတို့ တားမြစ်ထားတဲ့ အရာတွေကို ရှောင်ရှားခြင်းအားဖြင့် ကျနော်တို့က ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုရမှာ ဖြစ်တယ်လို့ အလုပ်သမားတွေကို တိုက်တွန်း နှိုးဆော်ချင်ပါတယ်”လို့ ပြောပါတယ်။

ဒီလိုတိုက်တွန်းမှုတွေ ပညာပေးမှုတွေရှိနေပေမဲ့ ရွေးချယ်ခွင့်နည်းပါးတဲ့ မြန်မာနိုင်ငံသားတွေဟာ နီးစပ်ရာ ထိုင်းနိုင်ငံဘက်ကို ပုံစံမျိုးးစုံနဲ့ တရားမဝင် ရောက်လာမှုတွေဟာ ရပ်တန့်မသွားသလို တရားမဝင် ဝင်ရောက်မှု၊ အထောက်ထားမဲ့ နေထိုင်မှုတွေနဲ့ ထပ်ဆင့်ဖမ်းဆီးခံရနေရတာတွေဟာ အာဏာသိမ်းကာလတလျှောက် ပိုဆိုးရွားတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကလည်း  ရွေ့ပြောင်းလုပ်သားတွေ တရားဝင်နေထိုင်ခွင့်အတွက် အလုပ်သမား အထောက်အထားတွေကိုထုတ်ပေးနေသလို တဘက်မှာလည်း  အထောက်အထား မစုံတဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကိုလည်း စီမံချက်တွေနဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေခဲ့ပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံအတွင်းက  မြန်မာတွေ အများဆုံး နေထိုင်အလုပ်လုပ်ကိုင်ကြတဲ့  မဲဆောက် အပါအဝင် စမွတ်စခွန်၊ မဟာချိုင်၊ ရနောင်းစတဲ့ နေရာတွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်သူ တွေသာမက ကန့်သတ်ထားတဲ့ အလုပ်လုပ်ကိုင်နေသူတွေ၊ အထောက်အထား မစုံသူတွေကို နေအိမ်တွေအထိ လိုက်လံ စစ်ဆေး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013