
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန့်ပင်မြို့နယ်ထဲမှာ မြန်မာအလုပ်သမားတယောက် ဝန်ချီ ကရိန်းကားအောက် ဝင်အိပ်စဉ် ကားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ဘန့်ပင်မြို့ နောင်ချတ်ရပ်ကွက်ထဲမှာ လူတယောက် ကားကြိတ်ခံရကြောင်း သတင်းပေးပို့ချက်ရတာကြောင့် ဘန့်ပင်ဆေးရုံကျန်းမာရေးဝန်ထမ်း၊ ဆီလထမ်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန့်ပင်နယ်မြေ ရဲတပ်ဖွဲ့ တာဝန်ကျရဲအုပ် အနန်ချလိုမ် ဝပ်ထနားကွန်းက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုဖြစ်ပြီး ကရိန်းကားမောင်းသမားဟာ ထိတ်လန့်တုန်လှုပ်စွာနဲ့ တာဝန်ရှိသူတွေကို ဖြောင့်ချက်ပေးဖို့ စောင့်ဆိုင်းနေပါတယ်။
ကားအောက်မှာလည်း ခါးအောက်က ခြေနှစ်ဖက်လုံး ကျိုးကြေတဲ့ အနေအထား၊ အပေါ်ပိုင်းမှာလည်း ကြိတ်ရာတွေနဲ့ အနက်ရောင်ဘောင်းဘီတို၊ အပေါ်ပိုင်းအဝတ်ဗလာ အမျိုးသားတယောက် သေဆုံးနေတာ တွေ့ပါတယ်။
သေဆုံးသူမှာ မြန်မာစာနဲ့ရေးထားတဲ့ မှတ်ပုံတင်ကတ်ပြားရှိပြီး သူဟာ အဲဒီမှာ အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးအလုပ်သမားတယောက် ဖြစ်တယ်၊ အဲဒီနေ့က ရာသီဥတုပူတော့ နေ့ခင်း အလုပ်နားချိန် အပူရှောင်တဲ့အနေနဲ့ ကရိန်းကားအောက်မှာ အရိပ်ခို အိပ်စက်နေစဉ် ကားကြိတ်ခံရတာလို့ လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ မြန်မာလုပ်သားနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ကရိန်းကား မောင်းတဲ့ နိုင်းထီရဖုန်းက သူဟာ မနက် ၁၁ နာရီခွဲမှာ အလုပ်နားပြီး နေ့လယ်စာ ပြန်စားတယ်၊ နေ့ခင်း ၁ နာရီခွဲလောက်မှာ အလုပ်ပြန်ဝင်တယ်၊ ကားစက်နှိုးပြီး အင်္ဂတေတိုင်ကိုချီကာ မြေစိုက်ဖို့ မောင်းနှင်ရွေ့လျားစဉ် အလုပ်သမားတယောက်က ပြေးဝင်လာပြီး ကားအောက်မှာ လူရှိနေတယ်လို့ အော် ပြောတယ်လို့ ဆိုပါတယ်။
ကားရပ်ပြီး ဆင်းကြည့်ရာမှာတော့ ကားကြိတ်ပြီး သေဆုံးနေသူကိုတွေ့ရကြောင်း သူဟာ လုပ်ငန်းစတင်ဖို့ ကားစက်နှိုးတာ၊ ပစ္စည်းရွှေ့တာတွေ ၁၀ မိနစ်ကြာ ပြင်ဆင်နေတာ အသံတွေ ဆူညံနေတောင်မှ လုံးဝမနှိုးဘဲ အိပ်ကောင်းနေသူကို လွန်စွာအံ့ဩမိတယ်၊ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ကိစ္စအတွက် စိတ်မကောင်းဘူးလို့ ပြောပါတယ်။
တာဝန်ရှိသူတွေက နိုင်းထီရဖုန်းကို လိုအပ်သလို ထပ်မံစစ်ဆေးဖို့ ရဲစခန်းကို ခေါ်သွားပြီး သေဆုံးသူ မြန်မာလုပ်သားအလောင်းကိုတော့ ဘန့်ပင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
Source: Khaosod