
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန့်ဘင်မြို့နယ်ရှိ ပလတ်စတစ်လုပ်ငန်းစက်ရုံတရုံကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး ဥပဒေနဲ့ မညီညွတ်တဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား အလုပ်သမား ၃၂ ယောက်ကို ဖမ်းဆီးအရေးယူလိုက်တယ်လို့ FM 91 ချွန်းပူးရီးဒေသတွင်း သတင်းအရ သိရပါတယ်။
ဘန့်ဘင်မြို့နယ် နောင်ပွန်ဒဲန်းရပ်ကွက်ရှိ ပလတ်စတစ်စက်ရုံမှာ တရားမဝင်အလုပ်သမားတွေ ခန့်ထားကြောင်း တိုင်ကြားချက်ရရှိတာကြောင့် ဩဂုတ် ၆ ရက်က တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ချွန်းပူးရီးခရိုင် အလုပ်သမားရုံး ညွှန်ကြားရေးမှူး နိုင်းဖူးဝကွန်းတိုဆင်းခွန်က သတင်းထောက်ကို ပြောပါတယ်။
အဆိုပါအလုပ်ရုံမှာ အလုပ်သမားစုစုပေါင်း ၅၀ ကျော်ရှိပြီး အထောက်အထားတွေ စစ်ဆေးရာမှာ ထိုင်းနိုင်ငံသား ၁၀ ယောက် ၊ မြန်မာနဲ့ တရုတ်နိုင်ငံသား အလုပ်သမား ၄၃ ယောက် ရှိတယ်၊ နိုင်ငံခြားလုပ်သား ၄၃ ယောက်ထဲမှာ အလုပ်သမားမှတ်ပုံတင် အထောက်အထားပြည့်စုံသူ ၁၁ ယောက်သာရှိတယ်လို့ ဆိုပါတယ်။
ကျန်တဲ့ ၃၂ ယောက်ကတော့ အထောက်အထားမပြည့်စုံသူ၊ ဥပဒေနဲ့ မညီညွတ်သူတွေဖြစ်တယ်၊ အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ယောက် ( အမျိုးသား ၂၀ ယောက်၊ အမျိုးသမီး ၈ ယောက် ) နဲ့ တရုတ်နိုင်ငံသား အမျိုးသား ၄ ယောက် ပါဝင်တယ်၊ သူတို့ကို အလုပ်သမားဥပဒေ လဝက ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ တာဝန်ရှိသူကပြောကြောင်း သတင်းမှာဖော်ပြသွားပါတယ်။
ဒါ့အပြင် စက်ရုံအလုပ်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ဟာလည်း ဥပဒေနဲ့မညီညွတ်တဲ့အလုပ်သမားတွေ ငှါးရမ်းခန့်ထားမှုနဲ့ အရေးယူခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Source : FM 91 BKK News