
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လင်းရောင်ခြည်ဘုန်းကြီးကျောင်းနဲ့ ငါးပတ်တောင်အနီးကို စစ်တပ်က သြဂုတ် ၁၄ ရက် ည ၈ နာရီခွဲခန့်က ဗုံးကြဲမှုကြောင့် သေဆုံးသူ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ၂၀ ကျော်ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ငါးပတ်တောင်ထိပ်က လူနေရပ်ကွက်ကို ပေါင် ၂၅၀ ဗုံး ကြဲခဲ့တာကြောင့် မိသားစု ၅ စု သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးနီးပါး ပျက်စီးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ညက မိုးလည်းရွာတယ်၊ လျှပ်စစ်မီးကမရှိတော့ အလောင်းတချို့ပဲရတယ်၊ တစစီဖြစ်နေတာတွေ၊ အိမ်ခေါင်မိုးပေါ် တင်နေတာတွေ၊ အိမ်အောက် ပိနေတာတွေ အများကြီးပဲ၊ မနက်မှ သေချာရှင်းလင်းရေးလုပ်တော့ သေတာ ၂၀ ကျော်တယ်။”
စစ်တပ် ဗုံးကြဲတာကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ်၊ မီးဖွားဖို့ပြင်ဆင်နေတဲ့ ကိုယ်ဝန်ဆောင်မိခင် အပါဝင် အမျိုးသမီး ၁၅ ယောက်၊ အမျိုးသား ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သြဂုတ် ၂ ရက် မနက်ကလည်း စစ်တပ်က မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်နဲ့ အောင်သုခရပ်ကွက်ကြားကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁၂ ယောက် သေဆုံးခဲ့ရပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးရွာဘုန်းကြီးကျောင်းကို သြဂုတ် ၉ ရက်မှာ ထပ်မံဗုံးကြဲတာကြောင့် ပြည်သူ ၅ ယောက် သေဆုံးခဲ့ရပါတယ်။