
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရွှေညောင်တော်ဘုရားကုန်းကို စစ်တပ်က ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဩဂုတ် ၁၃ ရက် နေ့ခင်း ၂ နာရီကျော်မှာ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ဘေးရှောင် အမျိုးသမီးတယောက်က “ဗုံးသီးက ၂ လုံးချသွားတယ်ရှင့်။ သူတို့ ဗုံးကြဲချလို့ အခု နားတွေလည်း အူနေတယ်။ နားထဲက လေတွေထွက်နေတယ်လို့တောင် ထင်ရတယ်။ ဗုံးသီးကြဲတာက အကြီးကြီးတွေပါ။ သိတဲ့သူတွေ ပြောတာကတော့ ပေါင် ၅၀၀ ဗုံးလို့ ပြောတယ်ရှင်။ ဘာတွေဖြစ်သွားသေးလဲဆိုတော့ ဘုရား စေတီပုထိုးနဲ့ အုတ်တံတိုင်းတွေ ပျက်စီးတယ်။ လူတွေကတော့ ပွန်းတာ၊ ပဲ့တာလောက်ပါပဲ။ ဘာတွေဖြစ်လို့ လာကြဲတာလဲတော့ မသိဘူး။ ဒီနေရာမှာတော့ ကျမတို့ စစ်ဘေးရှောင်တွေပဲ ရှိတာပါ။ သတင်းပေးတဲ့သူက မှားပြီးပေးလို့ ကြဲချတာလားတော့မသိဘူး။ ကံကောင်းတာက ကျမတို့ စစ်ဘေးရှောင်တွေနေတဲ့နေရာနဲ့ ခပ်ဝေးဝေးကို ကြဲချသွားလို့ အသေအပျောက် မရှိခဲ့တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တံတားဦးလေယာဉ်ကွင်းကနေ လာရောက်ကြဲချသွားတာလို့လည်း သိရပါတယ်။
ဝက်လက်မြို့နယ်၊ ရွှေညောင်တော်ဘုရားကုန်းနေရာမှာ အရင် ၂၀၂၂ ခုနှစ်ပိုင်းက ဝက်လက်မြို့နယ် ဗိုလ်ကျားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယာယီစခန်းလုပ်ခဲ့ဖူးပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုကျားကြီးက “ဗုံးသီးက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားတယ်။ ဘာတွေဖြစ်သွားသေးလဲဆိုတော့ ဘုရားအဆောက်အအုံတွေ ပျက်စီးသွားတာပဲ ရှိတယ်။ လူထိခိုက်မှုက ကြီးကြီးမားမား မရှိခဲ့ဘူး။ ဘာလို့လာကြဲတာလဲဆိုတော့ သတင်းပေါက်တာ နေမယ်ဗျ။ ကျနော့်စခန်းထင်ပြီး လာကြဲတာဖြစ်မယ်။ ကျနော်တို့ အဲနေရာကနေ စခန်းရွှေ့ပြီးတာ ၂ နှစ်၊ ၃ နှစ်လောက်တောင် ရှိနေပြီလေ။ အခုမှ လေယာဉ်နဲ့ လာကြဲနေတာ။ ပထမအလုံးက စစ်ဘေးရှောင်စခန်းအနီး ကျတယ်။ နောက်တလုံးက တောင်ပေါ် ဘုရားစေတီပေါ် ကျတယ်။ ဗိုလ်ကျားကို ဘယ်လိုဖိုက်တာမျိုးနဲ့ပစ်ပစ် မထိဘူး။ စကစကို စိန်ခေါ်တယ်။ သေမှာမကြောက်လို့ တော်လှန်ရေးလုပ်နေတာ။ မင်းတို့ပစ်တဲ့နေရာက ဗိုလ်ကျားရှိတဲ့နေရာ မဟုတ်ဘူး” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ် အရှေ့ခြမ်းနဲ့ စစ်ကိုင်းမြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က ဇွန်၊ ဇူလိုင်လတွေက စတင်ပြီး မြေပြင် စစ်ကြောင်းထိုးနေသလို ဝေဟင်ကပါ လေယာဉ်နဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
ဩဂုတ် ၁၁ ရက်ကလည်း ဝက်လက်မြို့နယ်အစပ်အနီး စစ်ကိုင်းမြို့နယ်အတွင်းရှိ တောင်ရင်းရွာအနီးက စားသောက်ဆိုင်ကို စစ်တပ်က ဗုံးကြဲချတာကြောင့် ပြည်သူ ၆ ယောက် နေရာတင် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင်ကားတွေလည်း မီးလောင်ဆုံးရှုံးခဲ့ ပါတယ်။