Home
နိုင်ငံတကာ
အစ္စရေးက ဂါဇာစီးတီးကို ဗုံးကြဲ၊ အငတ်ဘေး ဖြေရှင်းရန် နိုင်ငံကြီးအချို့ တောင်းဆို
DVB
·
August 13, 2025
Photo: REUTERS/Mahmoud Issa

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာစီးတီးကို သိမ်းပိုက် ထိန်းချုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြီးအကျယ် လုပ်ဆောင်နေတယ်လို့ ဟားမတ်စ်လက်အောက်ခံ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပါတယ်။

ဇိုင်တွန်းနဲ့ ဆာဘရာ လူနေဧရိယာတွေကို ၃ ရက်ဆက်တိုက် ဗုံးကြဲခဲ့သလို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းတောင် ပြန်ကောက်မရသလို ဒဏ်ရာရသူတွေကိုလည်း ကယ်ဆယ်မရ ဖြစ်နေတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် မာမွတ်ဘာဆယ်က ပြောပါတယ်။

တချိန်တည်းမှာပဲ “မျက်စိရှေ့မှာတင် ဖြစ်ပေါ်နေတဲ့ အငတ်ဘေး” ကို ဖြေရှင်းနိုင်ရေး ချက်ချင်း အရေးယူဆောင်ရွက်ဖို့ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျပန်တို့က ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဂါဇာကို အကူအညီတွေဝင်ရောက်မှု ချောမွေ့စေရေး ခိုင်မာပြီး ပုံမှန်တည်ရှိမယ့် အစီအစဉ်တွေ ချက်ချင်းလုပ်ဆောင်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အစ္စရေးကတော့ ဂါဇာမှာ အငတ်ဘေးဆိုက်နေတယ် ဆိုတာကို ငြင်းထားပါတယ်။ နယ်စပ်က အကူအညီတွေကို ကုလအေဂျင်စီတွေက သယ်ပြီး မဖြန့်ပေးတာသာ ဖြစ်တယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။

အကူအညီဖြန့်ဝေပေးတဲ့ နေရာတွေနဲ့ ကုန်ကားတွေအနီးမှာ သေစေနိုင်တဲ့ လက်နက်အင်အားသုံးစွဲမှု အဆုံးသတ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဒီလိုအကူအညီရယူဖို့ ကြိုးစားရင်း သေဆုံးခဲ့တဲ့ ပါလက်စတိုင်းပြည်သူ အရေအတွက် ၁,၃၀၀ ကျော် ရှိလာပြီး အများစုကို အစ္စရေးစစ်တပ်က သတ်ဖြတ်ခဲ့တာလို့ ကုလသမဂ္ဂက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အစ္စရေးက ဂါဇာစီးတီးကို မသိမ်းခင်မှာ ကျန်းမာရေး ကပ်ဆိုးကြီး မဆိုက်အောင်လို့ ဆေးဝါးတွေ ကြိုတင်စုဆောင်းထားခွင့်ပေးဖို့ အစ္စရေးကို သီးခြား တောင်းဆိုထားပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ လက်ရှိ နိုင်ငံရေးခေါင်းဆောင် ခါလီ အယ်လ်ဟေယာ ကတော့ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ် ပြန်အသက်သွင်းရေး ဆွေးနွေးဖို့အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013