
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက စစ်ကိုင်း-ရှိမ္မကား-ကျောက်မြောင်း ဗျူဟာလမ်းမပေါ်မှာ ရပ်နားထားတဲ့ ခရီးသွားကားတန်းကို ဩဂုတ် ၁၁ ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၆ ယောက်နဲ့ ဒဏ်ရာရသူ ၂၀ အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်နေတဲ့အတွက် စစ်ကိုင်း-ရှိမ္မကား-ကျောက်မြောင်း ဗျူဟာလမ်းမပေါ်က ဧရာဝတီမြစ်ဘေးမှာရှိတဲ့ တောင်ရင်းနဲ့ ပဒူရွာအနီးမှာ ကားအစီးရေ ၆၀ နီးပါး ပိတ်မိနေချိန်မှာ ကားတန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသား ၃ ယောက်နဲ့ ခရီးသည် ၃ ယောက် နေရာမှာတင် သေဆုံးခဲ့သလို ဒဏ်ရာပြင်းထန်တာကြောင့် ဒီနေ့ နေ့လယ်ပိုင်းမှာ နောက်ထပ် ၁၀ ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ဖို့အတွက် အခက်အခဲတွေ ရှိနေတာကြောင့် ဖြစ်သလို ဆေးကုသမှု ပေးနေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဆေးကုသဖို့ ဆေးဝါးမစုံဘူး။ တချို့တွေလည်း နေရာအဝေးကြီးကနေ ဆေးတွေ သယ်လာပေးနေရတော့ ရောက်ဖို့ကြာနေတယ်။ တချို့လည်း သွေးထွက်လွန်ပြီး သေကြတယ်။ တချို့လည်း ဗုံးအစမှန်ပြီး ခြေပြတ် ခေါင်းပြတ်တွေနဲ့ တခုချင်းစီ လိုက်ကောက်ရတယ်။”
အဲဒီ ဗုံးကြဲတိုက်ခိုက်မှုမှာ ဆီသယ်ကား အပါအဝင် ကား ၄ စီး မီးလောင်ပျက်စီးကာ ခိုင်ရွှေဝါစားသောက်ဆိုင်၊ လှိုင်ကွမ်းယာဆိုင်နဲ့ ဈေးဆိုင်တဆိုင် ဗုံးအစ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းက စစ်ကောင်စီလက်အောက်ခံ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို DVB က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
ဒါ့အပြင် စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့ကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သေဆုံးထိခိုက်သူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်ကို DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။