
ကရင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကရင် စစ်ဘေးရှောင် ၃၉၇ ယောက် အိမ်မပြန်နိုင်သေးဘဲ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ ယာယီစစ်ရှောင်စခန်းမှာ ခိုလှုံနေကြပါတယ်။
မြန်မာ စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်က ဦးဆောင်ပြီး ထိုင်းအစိုးရ ဌာနဆိုင်တွေနဲ့ ကျန်းမာရေးဌာနတို့က လိုအပ်တဲ့ ဆေးဝါးနဲ့အတူအစားအစာနဲ့ ရေသန့်တွေ ကူညီထောက်ပံ့ပေးနေ ပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါ်လေမြိုင်စခန်းသိမ်းတိုက်ပွဲနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇ စစ်ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို စစ်ရှောင် ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။