
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာ၊ ရဝမ်ကုန်းကို ဒီနေ့ သြဂုတ် ၁၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ဒရုန်းဗုံးကြဲတာကြောင့် အရပ်သား ၅ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒရုန်းဗုံးကြဲချတာကြောင့် ထန်ရှမ်းခိုင် (၁၆ နှစ်) ခါးဘယ်ခြမ်းထိ၊ ဦးဝင်းနိုင် (၅၂ နှစ်) ညာပေါင်ထိ၊ ဦးရဲနိုင် (၅၆ နှစ်) ခန္ဓာကိုယ်အနှံ့ထိခိုက်၊ ဦးထူးကျော် (၅၇ နှစ်) ညာခြေထောက်ထိခိုက်၊ ဦးတင်ထွဋ် (၅၀ နှစ်ဝန်းကျင်) တို့ ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အဲဒီနား ရှရော်ခကျေးရွာဘက်ခြမ်း ဒီနေ့ တိုက်ပွဲမရှိပါဘူး။ အဲဒီရွာထဲက စွန်လိုမျိုး မြင်လိုက်သူတွေ ရှိတယ်” လို့ DVB ကို ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဖားကန့်က လူမှုရေးအသင်းတွေ အကူအညီနဲ့ ဆေးခန်းတွေဆီ ပို့ပေးထားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “ဟင်းရွက်ခူးနေသူက စွန်လိုမျိုး ဒရုန်းလို့ ယူဆရတဲ့အရာ ကောင်းကင်ပေါ်ဝဲတာ တွေ့လိုက်တယ် ပြောတယ်။ မကြာခင် အသံကြားရပြီး လူထိခိုက်ကြတာ။ အားလုံးထိခိုက်သူ ၅ ဦးပါ၊ အရပ်သားတွေပါပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ ဖားကန့်ဒေသထဲ စစ်တပ်နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။