
မြန်မာနိုင်ငံဘက်မှာ တရားမဝင်ကုန်စည် စစ်ဆေးအဖမ်းအဆီးတွေနဲ့ အခွန်ဌာနရဲ့ စာရွက်စာတမ်း အခက်အခဲတွေကြောင့် မြဝတီဘက်ကို သွားမယ့် ထိုင်းကုန်စည်တွေနဲ့ ကုန်တင်ကားကြီးတွေ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) အနီး မဲဆောက်ဘက်မှာ ဩဂုတ် ၁၄ ရက်က သောင်တင်နေတာ မြင်တွေ့ရပါတယ်။
မြန်မာနိုင်ငံ မြဝတီဘက်ကို ကုန်စည်သွားပို့ကြမယ့် ထိုင်းကုန်ကား အစီးရေ ၄၀၀ လောက် ဟာ နယ်စပ်မှာ စောင့်နေကြရတာ ၁၀ ရက်ကျော်ရှိနေပြီဖြစ်တယ်လို့ နယ်စပ် ကုန်ကားမောင်းသမား တယောက်က ပြောပါတယ်။
မြဝတီမြို့နေ ကုန်သည်တယောက်က “ထိုင်းကုန်တွေကို ကြိုတင်ဝယ်ရတယ်။ ကြိုတင်ငွေ ပေးချေရတယ်။ ကုန်က အခုမှပဲ ထိုင်းဘက်က လာပို့တယ်။ ဘားအံဘက်မှာ ကုန်စည်တင်ကား ဖမ်းတော့ မြဝတီကနေ ရန်ကုန် သွားဖို့အတွက် အခက်ခဲရှိတယ်။ ကုန်စည်တွေက မြဝတီဘက်ကို လာပို့ပြန်တော့လည်း ချမယ့်နေရာ ထားမယ့်နေရာ လိုတယ်လေ။ ဂိုဒေါင်ငှားရမယ်ဆိုတော့ ကုန်ကျငွေရှိတဲ့အခါ မဲဆောက်မြို့တံတား အနီးမှာပဲ ရပ်ခိုင်းထားရတာ”လို့ ပြောပါတယ်။
မြဝတီ-ဘားအံ-ရန်ကုန် လမ်းခရီး အဆင်မပြေတဲ့အတွက် ထိုင်းကုန်စည်တွေ မြန်မာဘက်ကို ပို့ဖို့ အခက်အခဲရှိနေသလို မြန်မာကုန်စည်တွေလည်း ထိုင်းဘက်ကို တင်ပို့ဖို့ အခက်ခဲရှိနေပါတယ်။
လတ်တလော မြဝတီမြို့မှာ စက်သုံးဆီ ဒီဇယ်နဲ့ ဓာတ်ဆီ ပြတ်တောက်နေတာကြောင့် ဆီဆိုင်တချို့ ပိတ်ထားရပါတယ်။
အာဏာသိမ်း စစ်တပ်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ ထိုင်း-မြန်မာနယ်စပ် အပါအဝင် နယ်စပ်ကုန်သွယ်ရေးတွေမှာ အဖွဲ့ပေါင်းစုံနဲ့ တင်းကျပ် စစ်ဆေး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။