
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က ပအိုဝ်းရွာတွေဖြစ်တဲ့ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုတို့ကို စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်လို့ ဩဂုတ် ၁၃ ရက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေကို PNLA က တပတ်ကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ပေမဲ့ အင်အားအလွန်အကျွံသုံး ထိုးစစ်ဆင်လာတဲ့အတွက် နောင်ထောဝ်ကျေးရွာအနီးနဲ့ ကောင်ထို ကျေးရွာအနီးကနေ PNLA အနေနဲ့ ဆုတ်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ PNLA ဌာနချုပ်ဧရိယာနဲ့ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို စစ်တပ်က လေယာဉ်တွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဩဂုတ် ၉ ရက်က နောင်ထောဝ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်နဲ့ လက်ပါးစေ ပြည်သူ့စစ်တွေဟာ ကယန်းပိုင်းရပ်ကွက်နဲ့ နောင်ထောဝ် ကုလားလမ်း ကျေးရွာကို မီးရှို့ခဲ့ပြီး နေအိမ် ၂၄ အိမ်ထက်မနည်း ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စလောင်းထောင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက်ကိုလည်း PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့သလို ပြည်သူ ၂၀၀ ကျော်လည်း တောတောင်တွေနဲ့ အခြားကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ PNLA က ဆိုပါတယ်။
PNO ပြည်သူ့စစ်ဟာ အရင်ကလည်း ဆီဆိုင်မြို့နယ် ဒေသခံ ၆,၀၀၀ ကျော်ကို ကျေးရွာအတွင်းကနေ မောင်းထုတ်ခဲ့ဖူးပြီး ဆီဆိုင်မြို့နယ် တပူးထိုကျေးရွာကိုလည်း နှစ်ကြိမ်တိုင်တိုင် မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြတ်သဇင်