Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်တပ်က အရပ်သားနေအိမ်များကို မီးရှို့
DVB
·
August 13, 2025

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ပန်းတောကြီးကျေးရွာက နေအိမ် ၆ လုံးကို PDF အဖွဲ့တွေ တည်းခိုနေထိုင်နေတယ်လို့ စွပ်စွဲကာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေဆီက သိရပါတယ်။

အင်အား ၅၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တဖွဲ့က ပန်းတောကြီးကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး PDF တွေ တည်းခိုနေထိုင်တဲ့ အိမ်လို့ဆိုကာ ဦးထွန်းလတ်ရဲ့နေအိမ် အပါအဝင် နေအိမ် ၆ လုံးကို သြဂုတ် ၁၂ ရက် ညနေက မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူတယောက်က “မီးရှို့တာကို တွေ့တဲ့သူတွေပါ လိုက်ဖမ်းနေတာလေ။ PDF တွေနေခဲ့တဲ့အိမ်ဆိုပြီး ရှို့သွားတာ။ အရပ်သားအိမ်တွေပါ။ တိုက်ပွဲရှောင်နေရတဲ့သူတွေရဲ့ အိမ်တွေလေ။ အရင်ရက်က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက အိမ်တွေပါ” လို့ ပြောပါတယ်။

အဲဒီ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ် ၆ လုံးထဲက ပစ္စည်းတချို့နဲ့ အရပ်သားတွေ မွေးမြူထားတဲ့ ဝက်တွေ၊ ကြက်တွေကိုလည်း သတ်ဖြတ်ယူသွားပြီး ဒေသခံတွေကိုလည်း လိုက်လံရှာဖွေခဲ့တယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်က စစ်ရေးသတင်းရင်းမြစ်က “PDF တွေရှိနေရင် သူတို့ မလာရဲပါဘူး။ PDF တွေ မရှိမှန်း သိတော့ လာပြီး အခုလို လုပ်သွားတာ။ ပြီးခဲ့တဲ့ရက်ကတော့ PDF တွေ တွေ့ရတယ်။ အရပ်သားတွေကို တွေ့ရင်တောင် PDF လို့ စွပ်စွဲဖမ်းနေတာဆိုတော့ ဘာပြောရဲမှာလဲ” လို့ ပြောပါတယ်။

အခု နေအိမ်တွေ မီးရှို့ခံရတဲ့ ပန်းတောကြီးနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်နေပြီး စစ်ကောင်စီတပ်က အခုလို မြေပြင် စစ်ကြောင်းမထိုးခင် သြဂုတ် ၉ ရက်က လေကြောင်းနဲ့ ဗုံးကြဲခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးကျေးရွာနဲ့ တဆက်တည်း စက်စက်ယို ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ဇူလိုင်လ တတိယအပတ်က လေကြာင်းနဲ့ ဗုံးကြဲချခဲ့လို့ နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013