
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်က ပြည်သူ့စစ် ၈ ယောက် သြဂုတ် ၆ ရက်နဲ့ ၈ ရက်နေ့မှာ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၃၇၀၂ ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လာသူတွေက ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်း၊ ကွင်းချောင်းဝဗျူဟာ ခလရ ၆၀ မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ယောက်နဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့အခြေစိုက် ခမရ ၅၉၃ က ပြည်သူ့စစ်အဖွဲ့ဝင် ၆ ယောက်ဖြစ်ပြီး လက်နက်တော့ ယူဆောင်လာခြင်းမရှိဘူးလို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“သူတို့က စစ်မှုထမ်းအပတ်စဥ် ၅၊ ၉ နဲ့ ၁၁ ကပါ။ သူတို့ဟာသူတို့ ထွက်ပြေးလာကြတာ။ လောလောဆယ်တော့ ကောင်းကောင်းမွန်မွန်ထားပြီး ကောင်းကောင်းမွန်မွန် ကျွေးထားပါတယ်။ စစ်တပ်ရဲ့သန္ဓေက သူတို့ ပြည်သူ့စစ်တွေကို ဒိုင်းကာအဖြစ်ပဲ သတ်မှတ်ထားကြတယ်။ တိုက်ပွဲတွေမှာ ရှေ့ဆုံးက တက်ခိုင်းမယ်၊ ဒဏ်ရာရရင် ပြန်မဆွဲဘဲ ထားခဲ့မယ်။ တိုက်ပွဲမှာ ကျသွားရင်လည်း အထက်ကိုမတင်ပြဘဲနဲ့ သူတို့ရဲ့လစာကို ထုတ်စားတယ်။ ပြီးရင် စစ်တပ်က ပြည်သူ့စစ်တွေကို အယုံအကြည်မရှိဘူး။ နေ့ခင်းဘက်ဆို လက်နက်ပေးမကိုင်ဘူး။ ဖုန်းလည်း ပေးမသုံးဘူးလို့ ပြောပါတယ်။”
အလင်းဝင်ရောက်လာသူတွေကို လတ်တလော လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်လက်ခံ ထိန်းသိမ်းထားပြီး နောက်ပိုင်းမှာ သူတို့သဘောဆန္ဒအတိုင်း အကူအညီပေးဖို့ စီစဥ်ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကျန်ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လက်နက်ချပြီး ပြည်သူလူထုနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါက ကြိုဆိုလက်ခံတဲ့အပြင် လူ့အခွင့်အရေး အပြည့်အဝ ရရှိစေပြီး လက်နက်ယူဆောင်လာသူတွေကိုလည်း ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။
ဇွန် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာလည်း ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းနဲ့အတူ အခြားတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သား ၂၂ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပါသေးတယ်။