
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ယောက်ကို သြဂုတ် ၁၀ ရက်မှာ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုဆုပေးပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
အလင်းဝင်ရောက်လာသူတွေက စစ်မှုထမ်းဥပဒေကြောင့် တာဝန်ထမ်းဆောင်ခဲ့ရသူတွေဖြစ်ပြီး ၂ ယောက်က MA 1 သေနတ် ၂ လက်၊ ကျည်အတောင့် ၃၀၀၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်း ၂ လုံး ယူဆောင်လာနိုင်တယ်လို့ ဆားလင်းကြီး ပကဖ တာဝန်ရှိသူက ပြောပါတယ်။
“သူတို့က ရန်ကုန်ကနေ ဝမ်ပေါင်ဘက်ကို လာရင်းနဲ့ လမ်းမှာ ဆားလင်းကြီး ပကဖနဲ့ ချိတ်ပြီး အလင်းဝင်လာတာ။ အခု ဆားလင်းကြီး ပအဖ က သူတို့ကို ဂုဏ်ပြုဆုငွေပေးတာပေါ့။ လက်နက်ပါတဲ့ရဲဘော် ၂ ယောက်ကို တယောက် ကျပ် သိန်း ၅၀ စီနဲ့ လက်နက်မပါတဲ့ ရဲဘော် ၅ ယောက်ကို တယောက် ၅ သိန်း ချီးမြှင့်တဲ့ အခမ်းအနား ပြုလုပ်တာပါ။”
အလင်းဝင်ရောက်လာသူတွေကို ဆားလင်းကြီးမြို့နယ် ပကဖ၊ ပအဖ နဲ့အတူ မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတွေကလည်း သပြေပန်းနဲ့ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုကြ ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင် ပူးပေါင်းလာသူတွေနဲ့ စစ်ကောင်စီတပ်ကနေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၉ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။