
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက လုပ်သားတွေကို လာမယ့်ရွေးကောက်ပွဲမှာ ဆားလင်းကြီးမြို့နယ် ကိုယ်စားပြုပြီး ဆန္ဒမဲပေးနိုင်ဖို့ စစ်အုပ်စု တာဝန်ရှိသူတွေက စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းစစ်ရေးပြဿနာတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ ဝင်ရောက်အလုပ်လုပ်ခဲ့တဲ့ ဒေသခံလုပ်သားတွေဟာ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြတာပါ။
ဒေသခံလုပ်သားတွေ စွန့်ခွာသွားပေမဲ့ စစ်အုပ်စုနဲ့ ကုမ္ပဏီတွေက ဧရာဝတီတိုင်းနဲ့ တခြားဒေသတွေက လုပ်သားတွေကိုခေါ်ယူပြီး လုပ်ငန်းကို အရှိန်မပျက်ဆက် လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောဆိုပြီးနောက်ပိုင်း ဆားလင်းကြီးနယ်ကိုရောက်နေတဲ့ တခြားဒေသတွေက လုပ်သားတွေကို ဒေသတွင်းမှာ မဲပေးခွင့်ရအောင် စစ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက စီစဉ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးနယ် PDF ခေါင်းဆောင်တယောက်က “ဒီလက်ပံတောင်း ဝမ်ပေါင်ကနေ ယန်စီကနေပြီးတော့ အလုပ်သမားတွေကလည်း သုံး၊ လေး၊ ငါးရာလောက်ရှိတယ်ကြားတယ်၊ အဲ့ဒါတွေကို သူတို့က ရွေးကောက်ပွဲကို ဆားလင်းကြီးမြို့နယ် ကိုယ်စားပြု မဲတွေပေးဖို့ စီစဉ်တယ်လို့ကြားတယ်။ အဲ့ဒီအတွက်ကြောင့် ပြီးခဲ့တဲ့တလလောက်က ဒီဝမ်ပေါင်ကြီး ပြန်လည်ပတ်နေတာနဲ့ပတ်သက်ပြီး အကျေအလည်ဆွေးနွေးဖူးပါတယ်၊ တင်လည်း တင်ပြပါတယ်၊ ဝမ်ပေါင်စက်ရုံကြီး ပြန်လည်ပတ်နေတာက ရှင်းရှင်းပဲ ကျုပ်တို့အစိုးရရဲ့ မပြတ်သားမှု၊ မြေပြင်မှာ ခန့်လိုက်တဲ့လူတွေရဲ့ထင်ရာလုပ်မှု၊ အဲ့ဒါကြောင့် ဒီဝမ်ပေါင်ထဲကနေပြီးတော့ ရွေးကောက် ပွဲလုပ်မယ်လို့သိရတယ် ကြားရတယ်။ ဘယ်သံတမန်ရေးရာတွေ ဘာတွေလုပ်မနေနဲ့၊ ဘာရေးရာတွေ ညာရေးရာတွေ ဘာတွေညှိ၊ ညာတွေညှိနဲ့ ဒီမှာကြည့်လိုက် မြေပြင်မှာကျ ကျုပ်တို့ကခံစားရတာ၊ လက်တွေ့ခံစားရတဲ့လူ၊ လက်တွေ့ဒုက္ခရောက်တဲ့လူ၊ အပြောခံရတော့ ဝါးလုံးသိမ်းရိုက် ပြောခံရတယ်၊ မလုပ်ကြဘူးလား မကိုင်ကြဘူးလား ပြောခံရတယ်၊ လုပ်နိုင်တဲ့လူကျ ဘာရှိလို့လဲ ဘာမှမရှိဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီကိုဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေညာတဲ့ ဇူလိုင် ၃၁ ရက်မှာပဲ နိုင်ငံတဝန်း မြို့နယ် ၃၃၀ ထဲက ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက ၉ မြို့နယ်ဟာ စစ်အုပ်ချုပ်ရေးစာရင်းထဲမှာပါဝင်ခဲ့ပြီး ဝမ်ပေါင်ကြေးနီ စီမံကိန်းတည်ရှိရာ ဆားလင်းကြီးမြို့နယ်ကတော့ စစ်အုပ်ချုပ်ရေးစာရင်းထဲမှာ မပါဝင်ခဲ့ပါဘူး။
၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းကစပြီး ဝမ်ပေါင်စီမံကိန်းမှာ တရုတ်ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တချို့ ရောက်ရှိနေပြီး စီမံကိန်းနယ်မြေထဲမှာ လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။
စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်အဖွဲ့ တာဝန်ရှိသူ ဦးစိုးဝင်းဆွေက “အရေးပေါ်အခြေအနေအ ထုတ်ခံရတဲ့ မြို့တွေမှာကတော့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူး။ ကျန်တဲ့မြို့တွေမှာတော့ ရွေးကောက်ပွဲ ပြောက်ကျားလောက်တော့ ဖြစ်နိုင်အောင်တော့ ကြိုးစားကြည့်လို့ရနိုင် တယ်ဆိုတာမျိုး သူတို့ဘက်က ရရှိလာတဲ့ ဒေတာတွေအပေါ်မူတည်ပြီးတော့ ခွဲခြမ်းလိုက်တာမျိုး လည်းဖြစ်နိုင်ပါတယ်။ ယင်းမာပင်ခရိုင်ဆိုရင် စစ်အုပ်ချုပ်ရေးထဲမှာ ပုလဲ ပါတယ်၊ ကနီ ပါတယ်၊ ယင်းမာပင်-ဆားလင်းကြီး မပါဘူးပေါ့၊ ဆားလင်းကြီးမှာ ဆိုရင် ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ ရွေးကောက်ပွဲ လုပ်လို့ရနိုင်တယ်ဆိုတာမျိုး သူတို့ရည်မှန်းထားတာဖြစ်နိုင်တယ်ပေါ့ဗျာ။ နောက်တချက်က နိုင်ငံရေး၊ စစ်ရေးခွဲကစားတာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့၊ အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေး ထုတ်ပြန်တဲ့ မြို့နယ်တွေမှာတော့ စစ်ရှိန်မြှင့်မယ်၊ တခြားမြို့နယ်တွေမှာတော့ နိုင်ငံရေးအရ ဆွဲဆောင်ကြည့်ဦးမယ်၊ စည်းရုံးကြည့်ဦးမယ် ဆိုတာမျိုး အကန့်ခွဲလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူကတော့ ဟိန်းလုံးဟောက်လုံးတွေနဲ့ ဟိုစာထုတ် ဒီစာထုတ်ကိစ္စတွေကို သိပ်တုန်လှုပ်နေမှာ မဟုတ်ပါဘူး၊ လုပ်စရာရှိတာ လုပ်မယ်၊ စစ်တပ်နဲ့ စစ်အုပ်စုကိုတော့ အပြတ်ဖြတ်ဖို့အတွက် သံန္နိဋ္ဌာန် ချထားပြီးသားဖြစ်ပါတယ်”လို့ ပြောပါတယ်။
၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး ဒေသခံကျွမ်းကျင်လုပ်သားတွေကို လုပ်အားခ ၂ ဆ ၃ ဆတိုးပေးပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဝမ်ပေါင်စီမံကိန်းဘက်က စည်းရုံးတာတွေရှိခဲ့တာပါ။
အထွေထွေကျပ်တည်းမှုတွေကြောင့် ဒေသခံတချို့ လုပ်ငန်းခွင်ပြန်ဝင်နေပေမဲ့ အချိန်မရွေးပြဿနာထဖြစ်နိုင်တဲ့ အခြေအနေကိုရောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။
မြန်မာနိုင်ငံအတွင်းက စီမံကိန်းတွေနဲ့ပတ်သက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မူဝါဒကတော့ တရားဝင်အစိုးရတွေလက်ထက်မှာ အတည်ပြုထားတဲ့ လုပ်ငန်းတွေအားလုံးကို အသိအမှတ်ပြု ကာကွယ်ပေးမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ဖို့ကိုတော့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။
သုတချမ်းသာ