
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေအသစ်က ထောင်ဒဏ် အနိမ့်ဆုံး ၃ နှစ်ကနေ သေဒဏ်အထိ ပြစ်ဒဏ်တွေ ပါဝင်ရေးဆွဲထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အချိုးအစား မညီမျှတတဲ့ ပြစ်ဒဏ်တွေ ပါဝင်နေပါတယ်။
ထောင်ဒဏ် အနိမ့်ဆုံး ၃ နှစ်ကစလို့ ငွေဒဏ်တွေ အပါအဝင် သေဒဏ်အထိ ပြဋ္ဌာန်းထားတဲ “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ” ကို ဇူလိုင် ၂၉ ရက်မှာ စတင်ပြဋ္ဌာန်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။
လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက လူ့အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်ပြီး ရေးဆွဲထားတာဖြစ်ကြောင်း ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထောက်ပြပါတယ်။
သေဒဏ်အထိ ပါဝင်တဲ့ ပြစ်မှုစီရင်တာဟာ လူ့အသက်ရှင်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ဥပဒေဖြစ်ကြောင်း Fortify Rights က လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ စိုင်းအာကာက ပြောပါတယ်။
“စစ်ကောင်စီက သူတို့ရဲ့ ရွေးကောက်ပွဲကို ဒီလိုဆန့်ကျင်မှုတွေကနေ မတရားနည်းလမ်းနဲ့ ကာကွယ်ဖို့ ကြိုးစားနေတာလို့ ယူဆရပါတယ်။ ဒါကို ဥပဒေလို့ခေါ်တာထက် မတရားတဲ့ အမိန့်တခုလို့ပဲ ပြောချင်ပါတယ်။ ဒီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အနိမ့်ဆုံးထောင်ဒဏ်တွေက ၃ နှစ်ကနေ ၁၅ နှစ်အထိရှိပြီး ဒါတွေက သာမန် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေအတွက် ပြင်းထန်တယ်လို့ ဆိုရမယ်။ ပုဒ်မ ၂၇ ရဲ့ သေဒဏ်ပြဋ္ဌာန်းချက်ကလည်း စိုးရိမ်စရာကောင်းပါတယ်။ တိုက်ရိုက်သတ်တာမျိုး မဟုတ်ဘဲ ပါဝင်ပတ်သက်ရုံနဲ့တောင် သေဒဏ်ချမှတ်နိုင်တာဟာ လူ့အသက်ရှင်ခွင့်ကိုတောင် ခြိမ်းခြောက်ပြီးတော့ ကွပ်မျက်တာတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ ပြစ်ဒဏ်တွေဟာ လူ့အခွင့်အရေးစံနှုန်းတွေကို လုံးဝလျစ်လျူရှုထားတာပါ။ ရွေးကောက်ပွဲ ကာကွယ်ဖို့ ဥပဒေလိုပေမဲ့ ဒီလိုမျိုး ပြင်းထန်တဲ့ အချိုးအစားမညီမျှတဲ့ ပြစ်ဒဏ်တွေနဲ့ လူထုလှုပ်ရှားမှုကို ဖိနှိပ်တာက ဒီမိုကရေစီရဲ့ အနှစ်အရသာရကို ဖျက်ဆီးရာရောက်ပါတယ်။”
အဲဒီ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေရဲ့ အခန်း ၆ တားမြစ်ချက်တွေကိုတော့ ပုဒ်မ ၁၆ ကနေ ၂၂ ထိ ထည့်သွင်းရေးဆွဲထားပြီး အဲဒီတားမြစ်ချက်တွေကို ကျူးလွန်ရင် အခန်း ၇ က ပြစ်ဒဏ်တွေကို ပုဒ်မ ၂၃ ကနေ ၂၈ အထိ ပါဝင်ရေးဆွဲထားပါတယ်။
အခန်း ၇ ပုဒ်မ ၂၇ အရ ပြစ်ဒဏ်တရပ်ရပ်ကို ကျူးလွန်ရာမှာ တဦးတယောက် သေဆုံးမှု ဖြစ်ခဲ့မယ်ဆိုရင် ကျူးလွန်သူအားလုံးကို သေဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်
ဥပဒေရဲ့ အခန်း ၆ ပုဒ်မ ၁၆ အရ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် ဟောပြော၊ စည်းရုံးတာ၊ လှုံ့ဆော်၊ ဆန္ဒပြတာနဲ့ ရေးသားဖြန်ချိတာတွေ ပြုလုပ်ရင် အခန်း ၇ ပုဒ်မ ၂၃ အရ ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒီပြစ်မှုကိုပဲ လူစုလူဝေးနဲ့ ပြစ်မှုထင်ရှား စီရင်ခံရရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သလို ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်။
ဒီပုဒ်မတွေအရ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေမှာပါ ကန့်သတ်ခံရနိုင်ပြီး ပြည်တွင်း သတင်းမီဒီယာတွေကို အန္တရာယ်ပေးနိုင်တဲ့ ဥပဒေတခုလည်း ဖြစ်နိုင်ကြောင်း ဝါရင့်သတင်းစာဆရာ တယောက်က မှတ်ချက်ပြုပါတယ်။
“မီဒီယာတွေရဲ့ ရေးသားချက်က ရွေးကောက်ပွဲဆန့်ကျင်တယ်ဆိုတာ ရွေးကောက်ပွဲမှာ မဲမပေးနဲ့ ဆိုတဲ့ဟာမျိုး၊ no vote ဆိုတဲ့ဟာမျိုး မီဒီယာက သတင်းရေးတယ်။ အဲဒီအသံတွေကို မီဒီယာက ဖော်ပြတယ် ဆိုရင်လည်း အဲဒီမီဒီယာကိုပါ အရေးယူခံရနိုင်တဲ့ အနေအထား ရှိနေတာ အမှန်ပဲ။ သတင်းလွတ်လပ်ခွင့် ထိပါးမှာကတော့ သေချာတယ်၊ အငြင်းပွားစရာ မရှိဘူးလို့ထင်တယ်။ ရွေးကောက်ပွဲသတင်းတွေ ဖော်ပြတဲ့အခါမှာ ပိုပြီးတော့ ပြည်တွင်းက မီဒီယာတွေအနေနဲ့ self-censorship က ပိုပြီးတော့ ကြီးလာမယ့် အနေအထားရှိတယ်။ ထောင်ဒဏ် ၃ နှစ်ဆိုတော့ သူလည်း ၅၀၅(က) လို နောက်ထပ် အန္တရာယ်ပေးနိုင်တဲ့ ဥပဒေတခု ဖြစ်လာတယ်လို့ ပြောရမယ်။”
စစ်ကောင်စီဟာ ဥပဒေတွေကို လိုအပ်သလို ရေးဆွဲထားပြီး လိုအပ်တဲ့အချိန်မှာ ထုတ်ပြန်တာဟာ ပြည်သူကို ခြိမ်းခြောက်တဲ့လုပ်ရပ်တွေဖြစ်ပြီး ဥပဒေနဲ့ မညီကြောင်းကို တရားလွှတ်တော်ရှေ့နေတယောက်က သုံးသပ်ပါတယ်။
“အဓိက သတိထားရမှာတော့ အခန်း ၆ နဲ့ ၇ ပေါ့။ တားမြစ်ချက်နဲ့ ပြစ်ဒဏ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကို မညီဘဲနဲ့ အာဏာသိမ်းထားပြီးတော့ သူရေးချင်တဲ့အချိန် ဥပဒေထရေး၊ လုပ်ချင်တဲ့အချိန် ဥပဒေတွေ ထလုပ်နေတာ ဖြစ်တဲ့အတွက် ဥပဒေတွေကို ရေးချင်တိုင်းရေး၊ လုပ်ချင်တိုင်း လုပ်လို့ရလား ဆိုရင် လုပ်လို့တော့မရဘူး။ ဒါပေမဲ့ သူတို့လုပ်တယ်၊ ဘာဖြစ်လဲပေါ့။ ဘာလို့လဲဆိုတော့ သူအာဏာသိမ်းထားတာမို့လို့ သူလုပ်ချင်တာ သူလုပ်နေတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့ တခုမှမညီဘူး။ အမှန်ဆို ဒီဥပဒေက သီးသန့်ထည့်စရာမလိုတာ။ အရင်ကတည်းက ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီးသား၊ ပါထားပြီးသား။ ဒါကို သီးသန့်ကြီးထုတ်တယ် ဆိုကတည်းက လုပ်ရဲလုပ်ကြည့် ဒီဥပဒေအတိုင်း သက်ရောက်မှုရှိမယ်ဆိုပြီး ဒါ ခြိမ်းခြောက်လိုက်တာပဲ။”
စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်အတွင်းမှာတင် ဥပဒေတွေကို အသစ်ရေးဆွဲတာ၊ ပြင်ဆင်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အခုနောက်ဆုံးမှာတော့ ဇူလိုင် ၂၈ ရက်က “စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ” နဲ့ ဇူလိုင် ၂၉ ရက်မှာတော့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ” ကို အသစ်ရေးဆွဲ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
ဝေဝေ