
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံကို အာဏာသိမ်းကာ အုပ်ချုပ်လာတာ ၄ နှစ်ခွဲကာလရောက်ချိန် ကာလုံအစည်းအဝေးခေါ်ဖို့ တရက်အလိုမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲတခု ဇူလိုင် ၃၀ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့ ၄ နှစ်ခွဲကာလအတွင်း စစ်ကောင်စီအနေနဲ့ အခက်အခဲတွေကြားကနေ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း အမွှန်းတင်ပြီး စစ်ကောင်စီအနေနဲ့ နောက်ဆုံး နှုတ်ဆက်ပွဲပုံစံမျိုးနဲ့ စစ်ခေါင်းဆောင် ပြောဆိုခဲ့ပါတယ်။
၄ နှစ်ခွဲကာလအတွင်း လုပ်ငန်းအားလုံးကို အခက်အခဲပေါင်းစုံ ရင်ဆိုင်ပြီး လက်ရှိအခြေအနေမျိုး ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့အတွက် နစကအဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်လျှောက်ရမယ့် ခရီးမှာလည်း အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးဖို့လည်း ပြောပါတယ်။
စစ်ခေါင်းဆောင်က “ဆက်လျှောက်လှမ်းရမယ့် ခရီး၊ နိုင်ငံတော်ရဲ့ ရှေ့ခရီးကတော့ အများကြီး ကျန်ပါသေးတယ်။ ဒါတွေက ကျနော်တို့က ဒုတိယစာမျက်နှာရဲ့ အစဖြစ်ပါတယ်။ ပထမစာမျက်နှာကတော့ ကျနော်တို့ ကျော်ဖြတ်ခဲ့ပြီးပြီ။ ဒုတိယစာမျက်နှာကို အစနဲ့ ကျနော်တို့ သွားတာပေါ့။ ဒုတိယစာမျက်နှာအစမှာ ကျနော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ အခက်အခဲပေါင်းစုံ ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့ လုပ်ရကျိုးကနေ ပိုပြီး လုပ်ရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီဂုဏ်ပြုတွေ့ဆုံပွဲအရ ဒီနေ့မှာ ပြုလုပ်မယ့် ကာလုံအစည်းအဝေးမှာ စစ်ကောင်စီအနေနဲ့ သက်တမ်းတိုး၊ မတိုးနဲ့ နစက အစား အမည်သစ်တခု ပြောင်းမှာလားကိုတော့ မသိရသေးပါဘူး။