Home
မြန်မာသတင်း
မြန်မာငလျင်ဆိုင်ရာ ဝက်ဘ်ဆိုက် စစ်ကောင်စီ စတင်ဖွင့်လှစ်  
DVB
·
July 30, 2025

အာဏာသိမ်း စစ်ကောင်စီဟာ ငလျင်နဲ့ပတ်သက်လို့ ထိထိရောက် ကယ်ဆယ်ကူညီတာတွေ မလုပ်ခဲ့ပေမဲ့ အလှူခံဖို့ ဦးစားပေးလွှင့်တင်ထားတဲ့ Myanmar Earthquake ဝက်ဘ်ဆိုက်ကို  ဒီရက်ပိုင်းမှာ ကြော်ငြာနေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုပြီး အင်းအားပြင်းမြေငလျင်ကြီး လှုပ်ခတ်အပြီး ၄ လလောက်အကြာမှာ http://www.myanmarearthquake.gov.mm/ ဆိုတဲ့ ဝက်ဘ်ဆိုက်တခုကို စစ်ကောင်စီက လွှင့်တင်ဖွင့်လှစ်လိုက်ထားဖြစ်ပြီး စဉ်ဆက်မပြတ် အလှူခံဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ငလျင်နဲ့ပတ်သက်တဲ့ အဲဒီဝက်ဘ်ဆိုက်လွှင့်တင်ထားတဲ့အကြောင်းကို ဒီရက်ပိုင်းမှာ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေ၊ ဝက်ဘ်ဆိုက်တွေကနေ ကြေညာပေးနေရုံမက ဖုန်းဆက်ဆေ့ဂျ်တွေကပါ စာတိုပို့ ကြေညာနေတာကိုတွေ့ရပါတယ်။

ဝက်ဘ်ဆိုက်မှာ သတင်းတွေ၊ ငလျင်သမိုင်း၊ ဆောင်ရွက်ချက်တွေ၊ အသိပညာပေး၊ ရှေးဟောင်းနဲ့ ဘာသာရေးဆိုင်ရာ၊ ပြည်သူ့အသံလို့ ခေါင်းစဉ်ခွဲအကြောင်းအရာတွေ ပါဝင်ပြီး ခေါင်းစဉ်တိုင်းရဲ့ အောက်မှာ အလှူခံနေတာ ဖြစ်ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံနဲ့ စေတီပုထိုးတချို့ရဲ့ အခြေအနေကို ဖော်ပြပေးထားပြီး အဲဒီပို့စ်ကနေတဆင့် လှူနိုင်အောင်လည်း လုပ်ထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ၁၀၀ ကျပ်လှူတဲ့သူ ၃ ယောက်၊ ၁,၀၀၀ ကျပ် လှူတဲ့သူ ၂ ယောက်၊ ၅၀၀ ကျပ်လှူတဲ့သူ တယောက်ရှိတာကို တွေ့ရပြီး ကုမ္ပဏီ ၂ ခုက ၂၅ သိန်းကျပ်၊ မိသားစုတစုက ၅ သောင်းကျပ်နဲ့ ဇူလိုင် ၂၈ ရက်နေ့မှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ၃ သိန်းကျပ် လှူထားတာကို တွေ့ရပါတယ်။

ပြီးတော့ မြန်မာကျပ်ငွေနဲ့ အများဆုံးလှူထားကြသူ ၁၀ ယောက်စာရင်းကို ဖော်ပြထားသလို ဒေါ်လာနဲ့ အများဆုံးလှူသူတွေစာရင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် နိုင်ငံတကာ အလှူရှင်တွေက ဒေါ်လာ ၁,၁၁၄,၉၀၀၊ United Overseas Bank Limited Yangon Branch က ဒေါ်လာ ၄၀,၀၀၀ ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဝက်ဘ်ဆိုက်ကို ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့နဲ့ ငလျင်ဘေး ပြန်လည်ထူထောင်ရေးမှာ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်စိတ်ချရမှုရှိတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတခု ဖြစ်လာဖို့ အဲဒီဝက်ဘ်ဆိုက်ကို လွှင့်တင်ထားတာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅ သန်းကျော် အလှူငွေရထားပြီး ဒါဟာ နိုင်ငံတဝန်းမှာ ပြည်သူတွေကို ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် စစ်စရိတ် အထောက်အပံ့ဖြစ်နိုင်တယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013