
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင် ၃၁ ရက်မှာ ခေါ်ယူကျင်းပပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအမည်ခံအဖွဲ့မှာ ဦးညိုစော တဖြစ်လဲ ဗိုလ်ချုပ်ကြီးညိုစောက နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း အမိန့်ကြေညာစာအရ တပ်မတော်အရာရှိကြီးတွေရဲ့ လူဝတ်လဲမှုတွေကိုလည်း တွေ့ရပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမယ့် ဦးညိုစော၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး တို့ကို အဓိကတွေ့ရပြီး ဗိုလ်ချုပ်မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ကတော့ အရင်အတိုင်း စစ်ဘက်ရာထူး အခေါ်အဝေါ်အတိုင်း ရှိနေပါတယ်။
ဒါ့အပြင် ဒီမနက် ပြုလုပ်တဲ့ ကာလုံအစည်းအဝေးအတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပေးအပ်ထားတဲ့ အုပ်ချုပ်ရေးအာဏာကို ယာယီသမ္မတထံ ပြန်လည်ပေးအပ်ခဲ့ပါသေးတယ်။
ဒါအပြင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အပါအဝင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဦးတည်ချက် ၄ ရပ်ကိုလည်း ဇူလိုင် ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်အာဏာပြန်လည်လွှဲပြောင်းပေးအပ်ရေး၊ ကြားကာလအစိုးရတစ်ရပ်ဖွဲ့စည်းရေး အစရှိတဲ့ ခေါင်းစဥ်တွေနဲ့ ကာလုံအစည်းအဝေးကို ဇူလိုင် ၃၁ ရက်မှာ ပြုလုပ် နေစဥ်အတွင်းမှာပဲ ကာလုံအဖွဲ့ရဲ့ ဦးတည်ချက် ၄ ရပ်ဆိုပြီး ထုတ်ပြန်လိုက်တာပါ။
အဆိုပါ ဦးတည်ချက်တွေကတော့ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နိုင်မယ့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပေါ်လာစေရေး စတာတွေပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ တရားမဝင်ကြောင်း အရင်ကတည်းက ထုတ်ပြန်ကြေညာ ထားပါတယ်။