
အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ လိုအပ်တဲ့လမ်းညွှန်မှုတွေ ပြုလုပ်နိုင်ဖို့ဆိုပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ ကြေညာပါတယ်။
ဒီကနေ့ကျင်းပတဲ့ ကာလုံအစည်းအဝေးအရ စစ်ကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ အခုကော်မရှင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ကော်မရှင်ဥက္ကဋ္ဌရာထူးနဲ့ ယာယီသမ္မတတာဝန်ကို တာဝန်ယူသွားမှာလို့ သိရပါတယ်။
ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကော်မရှင်ဒုတိယဥက္ကဋ္ဌနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံး တွဲဖက်အမှုဆောင်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်း ကော်မရှင်မှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတာ တွေ့ရပါတယ်။
ဒါ့အတူ ဒီကနေ့ကျင်းပတဲ့ ကာလုံကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြောထားပြီး ဦးညိုစောက နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားပါတယ်။
အခုဝန်ကြီးချုပ်အဖြစ် တာဝန်ပေးလိုက်တဲ့ ဦးညိုစောဟာ စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဆင်း တယောက်ဖြစ်ကာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးခဲ့သူ ဖြစ်ပါတယ်။
အသစ်ဖွဲ့လိုက်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှာ ဗိုလ်ချုပ်ဟောင်းတွေနဲ့ အရင်စစ်ကောင်စီမှာ ပါဝင်ခဲ့သူတွေပဲ ပြန်ပါလာတာ တွေ့ရပါတယ်။