Home
မြန်မာသတင်း
စစ်မှုထမ်းတပ်သား ၂၀  တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်
DVB
·
August 6, 2025

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ခြေမြန်တပ်မဌာနချုပ် တပ်မ ၁၀၁ အပါအဝင် လက်အောက်ခံတပ်တွေကနေ ဇူလိုင် ဒုတိယအပတ်ကစတင်ပြီး သြဂုတ် ၅ ရက်အထိ စစ်မှုထမ်းတပ်သား အယောက် ၂၀ ဟာ Burma Revolution Ranger ထံ အလင်းဝင်ရောက်လာပါတယ်။

အလင်းဝင်ရောက်လာသူတွေက မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ရေစကြို၊ ရွှေဘို၊ ကန့်ဘလူ၊ မြိုင်နဲ့ နေပြည်တော်ကနေ ဖြစ်ကြပြီး စစ်မှုထမ်းတပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေ ဖြစ်တဲ့အတွက် တာဝန်မထမ်းဆောင်ချင်တာကြောင့် ဆက်သွယ်အကူအညီတောင်းလာတာလို့ Burma Revolution Ranger အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အကုန်လုံးက စစ်မှုထမ်းကြောင့် တာဝန်ထမ်းဆောင်နေရတဲ့သူတွေပါ။ စစ်မှုထမ်းတွေကလည်း များသောအားဖြင့် မုံရွာရယ်၊ စစ်ကိုင်းရယ်၊ မန္တလေးရယ်ကပဲ ကျနော်တို့ဆီ ရောက်တာများပါတယ်။ ၇ လပိုင်း ၁၂ ရက်နေ့ကနေစပြီး အခု ၅ ရက်နေ့ထိကို ၂ ယောက် ၃ ယောက် ခေါ်ရတာမျိုး၊ ၅ ယောက် ခေါ်ရတာမျိုးပေါ့။”

ရောက်ရှိလာတဲ့ စစ်မှုထမ်းတပ်သားတွေက ဗထူးစစ်သင်တန်းကျောင်းကို စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ နဲ့ ၁၂ မှာ ပို့ဆောင်ခံထားရသူတွေဖြစ်ကြပြီး ထွက်လာချိန်မှာ လက်နက်ခဲယမ်း‌တွေတော့ မပါဘူးလို့ ပြောပါတယ်။

ဒါ့အပြင် သွားရောက်ခေါ်ဆောင်တဲ့အချိန်မှာလည်း လမ်းကြောင်းအခက်အခဲတွေ၊ လုံခြုံရေးအခက်အခဲတွေ ရှိတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“သွားခေါ်တဲ့အချိန် လမ်းမှားတဲ့သူ ရှိတယ်။ စစ်တပ်နားတွေ ကပ်ခေါ်ရတာလည်း ရှိတယ်။ မြို့ထဲတွေမှာ သွားခေါ်ရတာလည်း ရှိတယ်။ မြို့ဝင်မြို့ထွက်ဂိတ်တွေကလည်း ပိတ်ထားတဲ့ အခါကျတော့ လမ်းကြောင်းက ခက်ခဲတာပေါ့။ အခု ရောက်လာတဲ့သူတွေကတော့ လက်နက်ခဲယမ်း မပါဘူးလေ။ သူတို့ကိုလည်း ပေးမကိုင်ဘူး ပြောတယ်။ ပါလာရင်တော့လည်း ကောင်းပါတယ်။ သူတို့အတွက်လည်း ထိုက်သင့်တဲ့ ဆုကြေးငွေရပြီး ကျနော်တို့အတွက်လည်း အထောက်အကူ ဖြစ်တာပေါ့။”

အလင်းဝင်ရောက်လာသူတွေကို နေထိုင်စားသောက်ရေးအပြင် နေရပ်ပြန်ချင်သူတွေကို မိသားစုဝင်တွေနဲ့ ဆက်သွယ်ပြီး ပြန်လည်ပို့ဆောင်ပေးတာတွေ၊ တပ်ဖွဲ့ဝင်အဖြစ် နေထိုင်ချင်တဲ့သူတွေကိုလည်း အကူအညီတွေ ပေးသွားမယ်လို့ ပြောပါတယ်။

စစ်မှုထမ်းတပ်သားတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း လာရောက်ပူးပေါင်းမယ်ဆိုရင် ကြိုဆိုတဲ့အပြင် လိုအပ်တဲ့အကူအညီတွေ‌လည်း ပေးသွားမယ်လို့ ဆိုပါတယ်။ 

ဒေသခံလူငယ်တွေအနေနဲ့လည်း အသွားအလာ ဆင်ခြင်ပြီး ဂရုစိုက်ကြဖို့ သတိပေးထားပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024