Home
မြန်မာသတင်း
စစ်တပ်က လမ်းပိတ်ထားသဖြင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၌ ကားရာချီ ပိတ်မိနေ
DVB
·
August 13, 2025
Photo: CJ/ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်ရှိ ပေကြီးကွင်းလမ်းမှာ ကားရာချီ ပိတ်မိနေတာကို တွေ့ရစဉ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ စံပယ်နံသားရွာနား တဝိုက်မှာ စစ်တပ်က လမ်းပိတ်ထားတာကြောင့် ခရီးသည်ကားနဲ့ ကုန်တင်ကားတွေဟာ တောလမ်းနဲ့ ဧရာဝတီမြစ်ကို ဇက်ကူး သွားလာနေရတာကြောင့် ရာချီတဲ့ကားတွေ လမ်းပေါ်မှာပဲ ရက်ပေါင်းများစွာ ပိတ်မိနေတယ်လို့ ကားသမားနဲ့ ခရီးသည်တွေက ပြောပါတယ်။

မိုးတွင်းကာလမှာ တောလမ်းကနေ သွားလာရတဲ့ လမ်းခရီးအခက်အခဲနဲ့ ဧရာဝတီမြစ် တဖက်ကမ်းကို ဇက်အသုံးပြု ကူးရတဲ့နေရာမှာ စောင့်ဆိုင်းရလို့ ပေကြီးရွာကွင်းလမ်းပေါ်မှာ ကားအများအပြား အချိန်ကြာမြင့်စွာ ပိတ်မိနေတာလို့ ကားသမားတယောက်က ပြောပါတယ်။

“ကားလမ်းမကြီးက ပိတ်ထားတာ လနဲ့ချီကြာလာပြီး အခုထိ မဖွင့်သေးဘူး။ ပေကြီးကွင်းလမ်းကနေပဲ သွားနေရတာ။ မိုးတွင်းကာလလည်း ဖြစ်တယ်၊ နောက်ပြီး လမ်းကလည်း တောလမ်းဆိုတော့ အရမ်းခရီးမတွင်ဘူး။ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကျမှာပေါ့၊ ကန့်ဘလူဘက်ကနေ တကောင်းဘက်ကို ဇက်နဲ့ကူးရတာ၊ ကူးတဲ့နေရာမှာ အိမ်စီးကား အရေအတွက် နည်းနည်းပဲ ရတာဆိုတော့ တခါတခါ သွားရဖို့ အကြာကြီးစောင့်ရတာ။”

မန္တလေး-မြစ်ကြီးနား လမ်းပေါ်က အင်းတော်မြို့ကို ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းယူလိုက်ပြီးနောက် ကန့်ဘလူမြို့နယ်အတွင်းက ကားလမ်းကို စစ်ကောင်စီတပ်က ပိတ်လိုက်တာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် အရင်က တရက်လောက်သွားတဲ့ ခရီးကို လမ်းခရီးမှာ ခက်ခဲ ကြန့်ကြာမှုတွေ ရှိလာတယ်လို့ ခရီးသည်တယောက်က ပြောပါတယ်။

“အရင်ကဆို ကားနဲ့ ရန်ကုန်သွားရင် ဒီနေ့သွား မနက်ဖြန်ရောက်ပဲ။ အခုက ကားနဲ့သွားရတာ တော်တော်မလွယ်တော့ဘူး။ ပြီးခဲ့တဲ့တခေါက်က ရန်ကုန်သွားတာ အပြန် ကားနဲ့ပြန်လာတာ လမ်းမှာပဲ ၅ ရက်လောက်ကြာတယ်။ အဓိကတော့ ကားတခါတခါရွေ့ဖို့ တနေရာကနေ တနေရာ သွားဖို့ကို စောင့်နေရတဲ့နေရာမှာ ပိုပြီးကြာနေတာ။”

မန္တလေး-မြစ်ကြီးနား ကားလမ်းမှာ ကုန်ကားနဲ့ ခရီးသည်ကားရာချီ မကြာခဏ ပိတ်မိနေတာကြောင့် ကချင်ပြည်နယ်မှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်ကို ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024