
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လင်းရောင်ခြည် ဘုန်းကြီးကျောင်းအနီးကို စစ်တပ်က သြဂုတ် ၁၄ ရက် ည ၈ နာရီ ၃၀ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရပ်ကွက်အနီး နေထိုင်သူတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဘုန်းကြီးကျောင်းလေ ဘာရှိမှာလဲ၊ ဗုံးက ပြင်းတယ်၊ ပေါင် ၅၀၀ လောက်ရှိတယ်၊ အသားစတွေလည်း တစစီ လိုက်ကောက်နေရတယ်၊ အိမ်တွေလည်း တစစီ ပျောက်သွားတာ” လို့ ပြောပါတယ်။
လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးက နေအိမ်တွေကို ထိမှန်ခဲ့ပြီး ဗုံးစထိမှန်တာကြောင့် ကလေးငယ် ၃ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဗိုက်ကြီးသည်တယောက်က ကလေးမွေးခါနီး၊ သူ့ယောကျ်ား လက်သည်သွားခေါ်တဲ့အချိန် ဗုံးကျတာ၊ တအိမ်လုံး သေကုန်ပြီ” လို့ ပြောပါတယ်။
ဗုံးစထိမှန်တာကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်များပြီး နေအိမ် ၇ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လအတွင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က တတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သြဂုတ် ၂ ရက် ဗုံးကြဲမှုမှာ ပြည်သူ ၁၂ ယောက် သေဆုံးခဲ့သလို သြဂုတ် ၉ ရက် ဗုံးကြဲမှုမှာလည်း ပြည်သူ ၅ ယောက် သေဆုံးခဲ့ပါတယ်။