
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျပြီးနောက် မြန်မာနိုင်ငံဘက် ပြန်ပို့ခံရသူ ၉၉ ယောက်ထဲက စစ်မှုထမ်း အသက်ပြည့်မီတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို စစ်ကောင်စီတပ်ရင်းထဲ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ကော့သောင်းမြို့ခံ ပြည်သူတွေဆီက သိရပါတယ်။
သြဂုတ် ၁၅ ရက် နေ့လယ် ၁၁ နာရီခန့်က ရနောင်းအချုပ်ထောင်က လွတ်ရက်နီး မြန်မာနိုင်ငံသား ၉၉ ယောက်ကို ကော့သောင်းမြို့ လှေဆိပ်ကို လွှဲပြောင်းပို့ဆောင်ပြီးနောက် စစ်ကောင်စီရဲ့ စစ်ဦးစီးမှူး ဆိုသူ ကိုယ်တိုင်က လာရောက်စိစစ်ပြီး စစ်မှုထမ်းအကျုံးဝင်တဲ့ အမျိုးသားတွေအပြင် အမျိုးသမီးတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။
“သက်ကြီးပိုင်းတွေက စိစစ်ရေးမှာတင် ကျန်ခဲ့ပါတယ်၊ ပါမသွားပါဘူး။ သူတို့ကို စစ်ဆေးမေးမြန်းပြီး ကျန်းမာရေးစစ်ဆေးမှုတွေပြီးရင် နေရပ်လိပ်စာအရ လက်မှတ်ထိုး ပြန်ရတယ်။ အသက်ကြီးပိုင်း အမျိုးသားနဲ့ အမျိုးသမီးတွေကလွဲရင် ခလရထဲ အကုန်ပါသွားပါတယ်၊ ဒီနေ့အထိ ဘာမှ ထပ်မကြားရသေးဘူး။”
အဆိုပါ နေရပ်ပြန်ပို့ခံရသူ ၉၉ ယောက်ထဲမှာ အမျိုးသား ၈၄ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက် ပါဝင်ပြီး စစ်ကောင်စီက စိစစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရဘူးလို့ ပြောပါတယ်။
အခုလို နေရပ်ပြန်ပို့ခံရသူတွေထဲက အမျိုးသမီးတွေကိုပါ စစ်ကောင်စီတပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်တာ ပထဆုံးအကြိမ်ဖြစ်ပြီးတော့ ဒီမတိုင်ခင်က အမျိုးသမီးတွေနဲ့ အသက်ကြီးပိုင်း အမျိုးသားတွေကို လှေဆိပ်မှာ ပြန်လွှတ်ပေးပြီး စစ်မှုထမ်းအကျုံးဝင်တဲ့ အမျိုးသားတွေကိုပဲ ဖမ်းဆီးခေါ်ဆောင်လေ့ရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ထိုင်းကနေ မြန်မာနိုင်ငံဘက် နေရပ်ပြန်ပို့ခံရပြီးမှ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရတဲ့သူတွေဟာ ကော့သောင်းမြို့နယ်၊ ခြောက်မိုင်ရွာ အခြေစိုက် ခလရ ၂၆၂ တပ်ရင်းထဲမှာ ထိန်းသိမ်းခံရလေ့ရှိပြီး ရေလမ်းကနေတဆင့် မြိတ်၊ ပုလောဘက်ကို စစ်သင်တန်း ပို့ဆောင်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။