
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းက ဘဇံချောက်ကျေးရွာကို ဩဂုတ် ၁၈ ရက် ဒီနေ့မနက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၈၅ နှစ်အရွယ် ဒေါ်မြကြည်၊ အသက် ၄၈ နှစ်အရွယ် ဒေါ်အေးအေးခိုင်နဲ့ အသက် ၁၅ နှစ်အရွယ် မမေကြယ်ဇင်တို့ ထိခိုက်ဒဏ်ရာရခဲ့ပြိး ဖားကန့်ပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။
“နေရာတိုင်းက လုံခြုံမှု မရှိဘူး။ သူတို့တိုက်ပွဲဖြစ်လည်း ပစ်တယ်၊ မရှိလည်း ပစ်တယ်။ အခုလည်း အကုန်လုံးက တိုက်ပွဲတွေ အရမ်းပြင်းထန်လာရင် ရှောင်ကြတယ်။ နည်းနည်း ငြိမ်ရင် အိမ်ပြန်လာကြတယ်။ အခုထိတဲ့ သူတွေကလည်း တမိသားစုလုံး အိမ်ပြန်လာရင်း ထိကြတာပါ၊ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှီတော့ပါဘူး။”
ဒီရက်ပိုင်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ရှရော်ခ - ညောင်ပင်ကုန်း၊ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီးနဲ့ အမှိုက်ပုံကျေးရွာ (ဖားကန့်သင်္ချိုင်း) တို့မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ဖားကန့်မြို့ပေါ်ကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် လေကြောင်းကနေ ပစ်ခတ်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းရန်ကြောင့် ဖားကန့်ဒေသခံ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက DVB ကို ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ ကောင်းစံ၊ အမှိုက်ပုံ၊ တောင်ယာကုန်း၊ သာယာကုန်း၊ အောက်သာယာနဲ့ မှော်မောင်းကုန်း စတဲ့ ကျေးရွာဆယ်ရွာကျော်က ဒေသခံတွေနဲ့ ရေမဆေးရှာဖွေသူ ၁၀၀၀ နီးပါးလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။