
လွှတ်တော်အသီးသီးအတွက် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ်လို့ စစ်ကောင်စီ ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၈ ရက် ဒီကနေ့ ကြေညာလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉(က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄(ဂ) နဲ့ နည်းဥပဒေ ၁၆(က) တို့အရ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်) တနင်္ဂနွေနေ့မှာ စတင်ကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဆက်လက်ကျင်းပမယ့် အပိုင်းတွေနဲ့ နေ့ရက်တွေကိုလည်း ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီ ၄၉ ပါတီရှိပြီး အဲဒီအထဲက ၉ ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မှာဖြစ်ကာ ကျန်တဲ့ပါတီ ၄၀ က ပြည်နယ်တိုင်းဒေသကြီးတွေမှာပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေအားလုံးဟာ တရားမဝင်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန် ပြောကြားထားပါတယ်။