
မြန်မာ့ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ တရုတ်ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ယူနန်ပြည်နယ်၊ အန်းနင်မြို့မှာ ဩဂုတ် ၁၄ ရက်က ကျင်းပတဲ့ ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့ တရုတ်ကို ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရုတ်တနိုင်ငံတည်းမူဝါဒကို တည်မြဲစွာ ကျင့်သုံးကြောင်း အပါအဝင် နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြောင်းတွေ အသိပေးပြောကြားရင်းနဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ တရုတ်အဖွဲ့ကို ဖိတ်ကြားလိုကြောင်း ဦးသန်းဆွေက ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေး ဝမ်ယိ ဘက်ကတော့ “တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို နက်ရှိုင်းစွာ အကောင်အထည်ဖော်သင့်ကြောင်း၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး၊ လွတ်လပ်ရေးနဲ့ နိုင်ငံတော် စည်းလုံးညီညွတ်ရေးကို ထောက်ခံကြောင်း” စတဲ့ နှစ်နိုင်ငံကြား ကိစ္စတွေကို ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းဖို့ မျှော်လင့်မိကြောင်း၊ ရွေးကောက်ပွဲကတဆင့် ရည်မှန်းချက် ၃ ရပ်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် အပစ်အခတ်ရပ်စဲကာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့နဲ့ ငလျင်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ကာ ပြည်သူတွေရဲ့ လူမှုဘဝ အဆင့်အတန်းကို မြှင့်တင်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။
ဝေဝေ