Home
နိုင်ငံတကာ
“ရုပ်ဆိုးတို့ခေတ်ရောက်ပြီ” ပြပွဲ တရုတ်တွင်ကျင်းပ
DVB
·
August 15, 2025
Photo :Reuters

ဆေးစိမ်ပြထားတဲ့ တိရစ္ဆာန်တွေလိုမျိုး ပျော့စိစိ အရုပ်တွေကနေစပြီး ပုံပျက်ပန်းပျက် ကြောင်ခေါင်းအုံးတာဝါကြီးအထိ တရုတ်နိုင်ငံမှာ အွန်လိုင်းကနေ ဝယ်ယူလို့ရနိုင်တဲ့ ထူးထူးဆန်းဆန်း ပစ္စည်းတွေကို စုစည်းထားတဲ့ ပြပွဲတခုကို ဟန်ကျိုးမြို့မှာ ကျင်းပနေပါတယ်။

အလီဘာဘာကုမ္ပဏီပိုင် e-commerce လုပ်ငန်းကြီးဖြစ်တဲ့ Taobao က ဒီနှစ်မှာ “ရုပ်ဆိုးတို့ခေတ်ရောက်ပြီ” ဆိုတဲ့ ပြပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပတာဖြစ်ပါတယ်။

ဒီပွဲမှာ သူတို့ရဲ့ နှစ်ပတ်လည် ရုပ်အဆိုးဆုံးပစ္စည်းပြိုင်ပွဲ (Uglies Award) မှာ ဆုရခဲ့တဲ့ ဒါမှမဟုတ် ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ ပစ္စည်းပေါင်း ၃၀၀ ကျော်ကို အဓိကထား ခင်းကျင်းပြသထားပါတယ်။

ဒီပြပွဲကို ဇူလိုင်လကုန်ပိုင်းကနေ သြဂုတ်လလယ်ပိုင်းအထိ ကျင်းပခဲ့ရာမှာ နေ့စဉ် လာရောက်ကြည့်ရှုသူ ၃,၀၀၀ ကျော်ရှိတယ်လို့ Uglies Award ရဲ့ ပရောဂျက်ခေါင်းဆောင်ဖြစ်သူ ယွီဟူက ပြောပါတယ်။

ဒီလို နောက်ပြောင်စရာ လက်ဆောင်ပစ္စည်းတွေဟာ အပျော်သဘောလို ထင်ရပေမဲ့ ရောင်းအားကတော့ တကယ့်စီးပွားရေးလုပ်ငန်း ဖြစ်လာနေပါတယ်။

Taobao ပေါ်မှာ “ရုပ်ဆိုး” ပစ္စည်းတွေဟာ ၂၀၂၀ ခုနှစ်ကတည်းက ယွမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၄ သန်း) ကျော် ရောင်းချနိုင်ခဲ့ပါတယ်။

ဒီလိုအမြင်မလှပတဲ့ ပစ္စည်းတွေ လူကြိုက်များလာရတာဟာ ကိုယ့်ရဲ့ တသီးပုဂ္ဂလ ဖြစ်တည်မှုကို ဖော်ပြချင်တဲ့ လူငယ်သုံးစွဲသူတွေကြောင့် ဖြစ်တယ်လို့ ယွီဟူက သုံးသပ်ပါတယ်။

နာမည်ကြီး ဥပမာတခုကတော့ Labubu အရုပ်နဲ့ ဆက်စပ်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပေကျင်းမြို့က လေလံရုံတခုမှာ လူတရပ်စာအရွယ် Labubu အရုပ်တရုပ်ကို ယွမ် ၁ ဒသမ ၀၈ သန်း (အမေရိကန်ဒေါ်လာ ၁၅၀,၂၇၅) နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

အလှတရားဆိုတာ ကြည့်ရှုသူရဲ့ အမြင်ပေါ်မှာ မူတည်ပေမဲ့ ရုပ်ဆိုးပစ္စည်းတွေကတော့ လူတိုင်းရဲ့ ဈေးဝယ်စာရင်းထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013