
လက်ရှိ တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အဓိကအခက်အခဲတွေထဲမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုလည်း ပါဝင်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။
လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အဓိကအခက်အခဲ ၄ ချက်ရှိတဲ့ အကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဩဂုတ် ၁၂ ရက်က ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီ ၄ ချက်ကတော့ လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့တဲ့ မြန်မာစစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေ၊ ကိုယ်ကျိုးစီးပွားတခုတည်းကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု၊ အာဏာရှင်ရဲ့ ရှည်ကြာတဲ့ဖိနှိပ်မှုမှာ နွမ်းလျလက်ပန်းကျနေတဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးအတွက် ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှု မတည်ဆောက်နိုင်သေးတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအခက်အခဲတွေအပြင် တခြားစိန်ခေါ်မှုတွေလည်း ရှိနိုင်သေးကြောင်း ပြောထားပြီး ရဲဘော်တွေကိုလည်း “လဲကျလိုက် ပြန်ထလိုက်နဲ့ အခက်အခဲတွေကို အဆင့်ဆင့် ကျော်လွှားကြရမယ်” လို့ တိုက်တွန်း ရေးသားခဲ့တာ တွေ့ရပါတယ်။
တရုတ်ရဲ့စီစဉ်မှုကြောင့် TNLA နဲ့ စစ်တပ်တို့ ဩဂုတ်လကုန်မှာ တွေ့ဆုံဖို့ရှိနေချိန် ဗိုလ်ချုပ် တားဘုန်းကျော်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ နဲ့ ၂၉ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ချိန်မှာတော့ စစ်တပ်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ပြန်ပေးဖို့ ပြောထားပါတယ်။
အခုတွေ့ဆုံမှုမှာလည်း ဒီမြို့တွေကို ထပ်တောင်းမယ်ဆိုရင် ဆွေးနွေးပွဲကတော့ ဘာမှ ရလဒ်မထွက်နိုင်ဘူးလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက သြဂုတ် ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကတဆင့် သတိပေးခဲ့ပါတယ်။
ဒါ့အပြင် TNLA ရဲ့ စစ်ရေးနဲ့ တိုက်ပွဲဖော်ဆောင်မှုအပေါ် တရုတ်အစိုးရ ဖိအားဆက်ရှိနေပြီး စစ်ကော်မရှင်နဲ့ တရုတ်ဖိအားကို ရင်ဆိုင်နိုင်ဖို့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေရဲ့ အကူအညီ လိုအပ်တယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
စိုးသူအောင်