
တရုတ်နိုင်ငံမှာကျင်းပတဲ့ ၂၀၂၅ ကမ္ဘာ့စက်ရုပ်ဆွေးနွေးပွဲမှာ စက်ရုပ်တွေထိုးတဲ့ လက်ဝှေ့ပွဲလည်း ပါဝင်ပါတယ်။
စက်ရုပ်တွေဟာ ပြေးတာ၊ ကတာ၊ ဘောလုံးကစားတာ စတဲ့ အားကစားပြိုင်ပွဲတွေမှာသာမက မာကျောက်ကစားတာနဲ့ လက်ဝှေ့ထိုးတာ စတဲ့ပွဲတွေမှာပါ ပါဝင်ယှဉ်ပြိုင်နိုင်နေပါပြီ။
စက်ရုပ်တွေ လက်ဝှေ့ထိုးတာကို ပေကျင်းမှာပြုလုပ်တဲ့ ၂၀၂၅ ကမ္ဘာ့စက်ရုပ်ဆွေးနွေးပွဲကနေ ဖော်ထုတ်ပြသခဲ့ပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမှာရှိတဲ့ Unitree Robotic က ခြေ ၂ ချောင်းနဲ့ လူသားပုံစံ စက်ရုပ်တွေနဲ့ ခြေ ၄ ချောင်း စက်ရုပ်တွေကို ပြသခဲ့တာပါ။
ဒါပေမဲ့ ပွဲလာတဲ့ ပရိသတ်တွေကတော့ အဆင့်မြင့်တင်ထားတဲ့ GI စက်ရုပ်တွေရဲ့ လက်ဝှေ့ပွဲကိုပဲ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။
ဒီစက်ရုပ်တွေဟာ တကယ့်လက်ဝှေ့သမားတွေ ထိုးသတ်သလိုမျိုး လက်သီးထိုးတာတွေ ကာကွယ်တာတွေ ပြုလုပ်နိုင်ပါတယ်။
ပြပွဲလေ့လာသူ ဂျာမနီနိုင်ငံသား ဂျော့က “တရုတ်နိုင်ငံက အမျိုးအစားသစ် စက်ရုပ်တွေနဲ့ လျှပ်စစ်ထုတ်ကုန်တွေကို အချိန်တိုတွင်း ထုတ်လုပ်နိုင်တာက ကြီးမားတဲ့ အားသာချက်တခုပါ။ ကျနော်ကတော့ ဒီဖန်တီးမှုတွေက အနာဂတ်အတွက် ကောင်းမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
ကမ္ဘာ့စက်ရုပ်ဆွေးနွေးပွဲ ကျင်းပနေချိန်မှာ တရုတ်နိုင်ငံက ကမ္ဘာ့နံပါတ် ၁ စက်ရုပ်ဈေးတခု ဖွင့်လှစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဖွင့်လှစ်ခဲ့တဲ့ အဲဒီစက်ရုပ်ဈေးမှာ စက်ရုပ်အမျိုးအစားပေါင်း ၁၀၀ ကျော် အပါအဝင် စက်ရုပ်အစိတ်အပိုင်း ရောင်းချတာ၊ ပြုပြင်တာ၊ သတင်းအချက်အလက်ပေးတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီစက်ရုပ်ဈေးမှာ ရောင်းချတဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂ သန်းနီးပါးရှိတယ်လို့ သိရပါတယ်။
၂၀၂၅ ကမ္ဘာ့စက်ရုပ်ဆွေးနွေးပွဲမှာ ကုမ္ပဏီပေါင်း ၂၀၀ ကျော်က သူတို့ရဲ့ နောက်ဆုံးဖန်တီးမှုတွေကို ပြသခဲ့တာ ဖြစ်ပြီး ကုမ္ပဏီ ၅၀ ကျော်ကတော့ လူပုံစံ စက်ရုပ်တွေကို ပြသခဲ့တာ တွေ့ရပါတယ်။
၂၀၂၅ စက်ရုပ်ညီလာခံမှာ ဆွေးနွေးပွဲတွေ၊ ပြပွဲတွေ၊ ပြိုင်ပွဲတွေနဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့ပွဲတွေလည်း ပါဝင်ပါတယ်။
၂၀၂၅ ကမ္ဘာ့စက်ရုပ်ဆွေးနွေးပွဲဟာ ၁၀ ကြိမ်မြောက် ကျင်းပတဲ့ပွဲဖြစ်ပြီး ဩဂုတ် ၈ ရက်ကနေ ၁၂ ရက်အထိ ၅ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။
Source: Reuters