
အမေရိကန်နဲ့ တရုတ်တို့ကြား အခွန်တိုးမြှင့်ကောက်ခံမယ့် နောက်ဆုံးသတ်မှတ်ချိန် မတိုင်ခင် နာရီပိုင်းအလိုမှာပဲ ဆိုင်းငံ့ကာလကို နောက်ထပ် ရက် ၉၀ သက်တမ်းတိုးဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြားက အခွန်တိုးမြှင့်မှုတွေကို နိုဝင်ဘာ ၁၀ ရက်အထိ ဆိုင်းငံ့ထားမှာဖြစ်ကြောင်း ပေကျင်းနဲ့ ဝါရှင်တန်ရဲ့ ပူးတွဲကြေညာချက်အရ သိရပါတယ်။
လွန်ခဲ့တဲ့လက နှစ်ဖက်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဆိုင်းငံ့ကာလ သက်တမ်းတိုးရေး အမိန့်တရပ်ကို တနင်္လာနေ့အတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီသဘောတူညီချက်အရ အမေရိကန်ဟာ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်ဘက်ကလည်း အမေရိကန်ပို့ကုန်တွေကို အခွန် ၁၀ ရာခိုင်နှုန်းစီ အပြန်အလှန် စည်းကြပ်သွားမှာပါ။
အဲဒီဆွေးနွေးပွဲတွေဟာ တရုတ်ဈေးကွက်ထဲမှာ အမေရိကန်ပို့ကုန်လုပ်ငန်းရှင်တွေ ပိုမိုဝင်ရောက်လာနိုင်ဖို့အပြင် အမျိုးသားလုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုပြီး အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
အမေရိကန်ဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူတယောက်ကတော့ “Win-Win နှစ်ဖက်စလုံး အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုကသာ လမ်းကြောင်းမှန်ဖြစ်ပြီး ဖိနှိပ်ကန့်သတ်တာမျိုးနဲ့ ဘယ်ခရီးကိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး” လို့ မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့-တရုတ်ကြား ကုန်သွယ်ရေးအရ တင်းမာမှုတွေဟာ ဧပြီလထဲမှာ အမြင့်ဆုံး အတိုင်းအတာ ရောက်ရှိခဲ့ပြီး အခွန်နှုန်းထားတွေကို ရာဂဏန်းအထိ မြင့်တက်စေခဲ့သလို ကုန်သွယ်မှုကလည်း လုံးဝနီးပါး ရပ်တန့်သွားခဲ့ပါတယ်။
ဒီနှစ်နိုင်ငံကြား ကုန်သွယ်ရေးအရ ဆွေးနွေးမှုတွေ ဆက်ရှိနေပြီး အဲဒီထဲမှာ တရုတ်ထိန်းချုပ်ထားတဲ့ မြေရှားသတ္တု ရယူပိုင်ခွင့်နဲ့ ရုရှားရေနံဝယ်ယူတာမျိုး အပါအဝင် အမေရိကန်ဘက်က AI ချစ်ပ်ပြားလိုမျိုး အဆင့်မြင့်နည်းပညာတွေ ပေကျင်းဆီ ရောင်းချမှုကို ကန့်သတ်တာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
လက်ရှိ အခွန်တိုးကောက်မှုတွေ ယာယီဆိုင်းငံ့ထားပေမဲ့လည်း နှစ်နိုင်ငံကြား ကုန်သွယ်မှုအပေါ် ထိခိုက်မှုရှိခဲ့ပြီး အမေရိကန်ဘက်က တရုတ်ပြည်မကြီးကို ကုန်စည်တင်ပို့မှုဟာ ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဟာ တရုတ်နဲ့ ကုန်သွယ်ရာမှာ ဒေါ်လာဘီလီယံ ၃၀၀ နီးပါးအထိ လိုငွေပြခဲ့ပြီး ဒါဟာ ဝါရှင်တန်ရဲ့ ကုန်သွယ်ဘက်နိုင်ငံတွေထဲမှာ အများဆုံးပမာဏဖြစ်ကြောင်း သိရပါတယ်။
၂၀၂၅ ပထမနှစ်ဝက်မှာတင် အမေရိကန်ဟာ တရုတ်ကနေ ဒေါ်လာ ၁၆၅ ဘီလီယံ တန်ကြေးရှိတဲ့ ကုန်စည်တွေကို ဝယ်ယူထားပြီး ဖြစ်ပေမဲ့လည်း ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ၁၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့တာပါ။
Source: Reuters