
တိုင်ဖွန်းမုန်တိုင်း ဖိုဒူဟာ မနေ့ညသန်းခေါင်ကျော် ဩဂုတ် ၁၄ ရက် မနက်အစောပိုင်းမှာ တရုတ်နိုင်ငံ အရှေ့ဘက်၊ ဖူကျန့်ပြည်နယ်၊ ကျန်းပူမြို့နယ်ရဲ့ ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့တယ်လို့ ဖူကျန့်ပြည်နယ် မိုးလေဝသ စောင့်ကြည့်လေ့လာရေးဌာနက ပြောပါတယ်။
ဖိုဒူမုန်တိုင်းဟာ ကုန်းတွင်းပိုင်းဆီ ဝင်ချိန်မှာ ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်သတ်မှတ်ထားပြီး အမြင့်ဆုံးလေတိုက်နှုန်းက ဗဟိုချက်နားမှာ တနာရီကို ၁၀၈ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ထိုင်ဝမ်ကျွန်း ထိုင်တုန်းမြို့နယ်ကနေ ပထမဆုံးအကြိမ် ကုန်းတွင်းဆီ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ကွမ်တုံ၊ ကွမ်းရှီး၊ ဟူနန်နဲ့ ကွေ့ကျိုးပြည်နယ်တို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းမယ်လို့ ခန့်မှန်းထားပါတယ်။
တိုင်ဖွန်းဟာ ဖူကျန့်ပြည်နယ်မှာ ဒုတိယအကြိမ် ကုန်းတွင်းပိုင်းဆီ ဝင်တာဖြစ်ပြီး အားပျော့သွားလိမ့်မယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
ဖိုဒူမုန်တိုင်း မရောက်မီ ကျန်းဖူမြို့နယ်ကို စီမံခန့်ခွဲတဲ့ ကျန်းကျိုးမြို့က အလင်းသုံး ဓာတ်အားပေးစက်ရုံက လုံခြုံရေးကင်မရာတွေက မိုးသက်လေပြင်း တိုက်ခတ်နေပုံကို ပြသခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ ဒီမနက်အစောပိုင်းမှာ ရှားမဲန်း ကမ်းရိုးတန်းဆီ ချဉ်းကပ်လာချိန် လေတိုက်နှုန်းက တစက္ကန့်ကို မီတာ ၃၀ နီးပါးထိ အားကောင်းခဲ့ပြီး ၂၄ နာရီအတွင်း ခရိုင်အများအပြားမှာ မိုးရေချိန် ၅၀ မီလီမီတာကျော် ရွာသွန်းခဲ့တာပါ။
ရှားမဲန်းမြို့မှာ လျှပ်စစ်ဓာတ်အားပေးဝေမှု ထိခိုက်ခဲ့ပြီး ဒေသန္တရ အရေးပေါ် ဌာနတွေက အိမ်တွေနဲ့ လုပ်ငန်းတွေဆီ ဓာတ်အားပြန်ရအောင် ကူညီဖို့ လူပေါင်း ၆၆၀ ကျော်နဲ့ အရေးပေါ် ကားအစီးရေ ၁၀၀ ကျော်ကို စေလွှတ်ပေးခဲ့ရပါတယ်။
ရှိရှီးမြို့မှာလည်း ပင်လယ်ကမ်းစပ်က ရှုခင်းသာနေရာတွေ အားလုံးကို ပိတ်ထားပြီး တိုင်ဖွန်းမုန်တိုင်း မဝင်ရောက်မီတည်းက နေထိုင်သူ ၇,၂၀၀ ကျော်ကို ဘေးကင်းရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
Source: Reuters