
တိုင်ဖွန်းမုန်တိုင်း ပိုဒူလ် မဆိုက်ရောက်မီ ထိခိုက်နိုင်ချေတွေအတွက် အာဏာပိုင်တွေက ထိန်းညှိဆောင်ရွက်နေလို့ ထိုင်ဝမ်မှာ ရာနဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေကို သြဂုတ် ၁၃ ရက်မှာ ဖျက်သိမ်းခဲ့ပါတယ်။
ထိုင်ပေမြို့တော် စုန့်ရှန်းလေဆိပ်ကနေ ထွက်ခွာမယ့် ခရီးသည်တွေ နားနေရာခန်းမမှာ လူမရှိသလောက် ဖြစ်နေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ပြည်တွင်းလေကြောင်းခရီးစဉ် အားလုံးကို ဖျက်သိမ်းခဲ့ပြီး ပြည်တွင်းခရီးစဉ် စုစုပေါင်း ၂၅၂ ခုနဲ့ နိုင်ငံတကာခရီးစဉ် ၁၂၉ ခုကိုလည်း ဖျက်သိမ်းခဲ့ရတယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်ရဲ့ အဓိက နိုင်ငံတကာလေကြောင်းလိုင်းနှစ်ခုဖြစ်တဲ့ ချိုင်းနားအဲလိုင်းနဲ့ အီဗာအဲလိုင်းတို့က ကောင်းရှုံမြို့ကနေ ပျံထွက်မယ့် ပျံသန်းရေး လမ်းကြောင်းတွေကို အဓိက ဖျက်သိမ်းခဲ့ရပြီး ထိုင်ဝမ်ကျွန်းရဲ့ အဓိက နိုင်ငံတကာလေဆိပ် ထောင်းယွမ်ကနေ ပျံသန်းမယ့် ခရီးစဉ်တချို့ကိုလည်း ရပ်နားထားရပါတယ်။
အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ပိုဒူလ်ဟာ လေတိုက်နှုန်း တနာရီ ၁၁၈ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ပါတယ်။
မုန်တိုင်းက ပိုအားကောင်းလာပြီး အရှေ့တောင်ဘက် ထိုက်တုံးမြို့ဆီ ဦးတည်ရွေ့လျားနေတာပါ။
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ထိုက်တုံးမြို့နားကနေ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်မယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ပြောထားပါတယ်။
Source: Reuters