
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက တရုတ်နဲ့ ထိုင်ဝမ်ကြား ပဋိပက္ခပေါ်လာရင် ဒီကြားထဲ ဖိလစ်ပိုင်အစိုးရက မလွဲမသွေ ဆွဲခေါ်ခံရလိမ့်မယ်ဆိုတဲ့ သူ့မှတ်ချက်ကို တရုတ်ပြည်မကြီး အစိုးရက မှားယွင်း အဓိပ္ပာယ်ဖွင့်ဆိုထားတယ်လို့ သြဂုတ် ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းနဲ့ နီးကပ်နေတာကြောင့် ဖိလစ်ပိုင်က ရုန်းမထွက်နိုင်ဘူးလို့ အိန္ဒိယကို လာရောက်လည်ပတ်ချိန်မှာ ဖိလစ်ပိုင်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။ အဲဒီနောက်မှာ မားကို့စ်ဟာ မီးနဲ့ကစားနေတယ်လို့ တရုတ်က စွပ်စွဲလိုက်ပါတယ်။
ထိုင်ဝမ်မှာ အလုပ်လုပ်ကိုင်ပြီး နေထိုင်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ ပဋိပက္ခဖြစ်ရင် ဘေးလွတ်ရာကို ရွှေ့ပြောင်းရလိမ့်မယ်၊ ဒါပေမဲ့ ထိပ်တိုက်တွေ့တာနဲ့ စစ်ဖြစ်တာတွေကို ရှောင်နိုင်ဖို့ ဆန္ဒရှိတယ်လို့ မားကို့စ်က ပြောခဲ့ပါတယ်။
ထိုင်ဝမ်မှာ ဖိလစ်ပိုင်နိုင်ငံသား ၁၀၀,၀၀၀ ကျော် နေထိုင် အလုပ်လုပ်ကိုင်နေတယ်လို့ ဖိလစ်ပိုင်အစိုးရရဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။
ဖိလစ်ပိုင်သမ္မတရဲ့ ပြောဆိုချက်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို မနီလာမြို့တော်မှာရှိတဲ့ တရုတ်သံရုံးက ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
Source: Reuters