
တရုတ်က ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ဖို့ရည်ရွယ်တဲ့ နှစ်စဉ်လုပ်နေကျ လေကြောင်းတိုက်ခိုက်မှု လေ့ကျင့်ခန်းတခုကို ထိုင်ဝမ်ရဲ့ မြို့တော် တိုင်ပေမှာ ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့ပါတယ်။
လေ့ကျင့်တဲ့အနေနဲ့ လူတွေ အိမ်ထဲမှာပဲနေကြဖို့ အမိန့်ထုတ်ထားလို့ လမ်းတွေမှာ လူသူကင်းမဲ့ပြီး အချက်ပေးဥဩသံတွေ မြည်ဟီးခဲ့ပါတယ်။
လမ်းပေါ်ကလူတွေကို ဘေးကင်းရာရွှေ့ဖို့ မဖြစ်မနေ လုပ်ရမယ့် လေ့ကျင့်ခန်း အစအဖြစ် နေ့လယ် ၁ နာရီခွဲမှာ ဥသြသံတွေ ထွက်လာခဲ့ပြီး ထိုင်ဝမ်မြောက်ပိုင်းက မြို့တွေကို မိနစ် ၃၀ ကြာ ထိထိရောက်ရောက် ပိတ်ချနိုင်ခဲ့ပါတယ်။
ထိုင်ပေမြို့တော်က ရှီးမန်တင်း စျေးဝယ်ခရိုင်မှာ ဥသြသံကြောင့် သတိလက်လွတ်ဖြစ်နေတဲ့ ခရီးသွားဧည့်သည်တွေ အကာအကွယ်ရဖို့ အိမ်တွင်းနဲ့ မြေအောက်ခန်းတွေဆီ ပို့ပေးခဲ့ပါတယ်။
လေ့ကျင့်မှုအတွင်း တိုင်ပေမြို့တော်က ရဲတွေက ကားတွေကို လမ်းတွေဘက်ရွှေ့ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တချို့ ညအချိန် တိုက်ခိုက်ခံရရင် ပစ်မှတ်ဖြစ်လာနိုင်ခြေကို လျှော့ချဖို့ တံခါးတွေ မီးတွေကို ပိတ်လိုက်ကြပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးအစိုးရက သူ့ရဲ့ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ကျန်ခဲ့တဲ့ ၅ နှစ်အတွင်း စစ်ရေးအရ ဖိအားတွေ တိုးပေးခဲ့ပါတယ်။
ထိုင်ဝမ်ကို သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရေး အင်အားသုံးမှုကို တရုတ်က ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ငြင်းဆိုထားပြီး ထိုင်ဝမ်ပြည်သူတွေ ကိုယ်တိုင်သာ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters