Home
နိုင်ငံတကာ
တရုတ်ကင်းလှည့်သင်္ဘောနှင့် ဖိလစ်ပိုင် ကမ်းတက်သင်္ဘော တိုက်မိလုနီးပါးဖြစ်
DVB
·
July 17, 2025
Photo: Reuters

တောင်တရုတ်ပင်လယ်ထဲက တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား ပိုင်နက်အငြင်းပွားနေတဲ့ ဟွားယန်ကျွန်းနားက ရေပြင်မှာ ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့် ကမ်းတက်ရေယာဉ် ၉၇၀၁ က တရုတ်ကမ်းခြေစောင့်တပ် (CCG) ရဲ့ သင်္ဘော ၂၁၅၅၀ နဲ့ ၅၀၀၉ တို့နဲ့ ဇူလိုင် ၁၅ ရက် မနက်မှာ တိုက်မိလုနီးပါး ဖြစ်ခဲ့ပါတယ်။

စကားဘိုရို ရေတိမ်သောင်ခုံလို့ သိကြပြီး အနီးဆုံး ကုန်းမြေက ဖိလစ်ပိုင်နိုင်ငံက လူဇွန်ကျွန်းမကြီး ဖြစ်တဲ့ ဟွားယန်ကျွန်းနားမှာ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့် သင်္ဘောက တရုတ်ကမ်းခြေစောင့်တပ်ရဲ့ သင်္ဘောတွေနားကို အကြိမ်ကြိမ် ချဉ်းကပ်ခဲ့ပြီး တခါတရံ အန္တရာယ်ရှိအောင် နီးကပ်ခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

တမင်သက်သက် ရန်စတဲ့လုပ်ရပ်လို့ တရုတ်မီဒီယာတွေက ခေါ်ဝေါ်တဲ့ ဖြစ်ရပ်အတွင်း တချီမှာတော့ ဖိလစ်ပိုင်သင်္ဘောဟာ တရုတ်သင်္ဘောနောက်ကနေ မီတာ ၁၀၀ အကွာထိ ချဉ်းကပ် ခုတ်မောင်းခဲ့တယ်လို့ စစ်ရေးသတင်း ဝက်ဘ်ဆိုက် ဖြစ်တဲ့ defencemirror က ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင် ကမ်းတက်သင်္ဘောဟာ ငါးလုပ်ငန်းနဲ့ ရေအရင်းအမြစ်ဆိုင်ရာ ဌာန ၂ ခုက သင်္ဘောတွေကို အဲဒီနေရာဆီ လိုက်ပို့စောင့်ရှောက်ရင်း ခုလိုဖြစ်တာပါ။

ဖိလစ်ပိုင်သင်္ဘောရဲ့ လုပ်ရပ်ဟာ ဒေသအတွင်း အခွင့်အရေးကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ တရုတ်သင်္ဘောတွေရဲ့ သွားလာရေး လုံခြုံမှုကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခဲ့တယ်လို့ တရုတ်မီဒီယာတွေက စွပ်စွဲထားပါတယ်။

ဒီ ဖိလစ်ပိုင်သင်္ဘောဟာ သီတင်းပတ်ကုန်ရက်က သီးခြားဖြစ်ရပ်အတွင်း ဖိလစ်ပိုင်ကမ်းရိုးတန်းနဲ့ ရေမိုင် ၇၀ အကွာမှာ တရုတ်ရေတပ် ကင်းထောက်သင်္ဘောနဲ့ ထိပ်တိုက်တွေ့ဖူးပါတယ်။

ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်ကတော့ သူတို့ဟာ ပျံသန်းစစ်ဆင်ရေး ဆောင်ရွက်နေတဲ့ ရဟတ်ယာဉ်တစီး အပါအဝင် တရုတ်ရဲ့ စုဖွဲ့မှုကို တက်တက်ကြွကြွ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ F35 တိုက်လေယာဉ်တွေ ဖိလစ်ပိုင်မြေပေါ် ပထမဆုံး ရောက်လာတဲ့ အမေရိကန်-ဖိလစ်ပိုင် ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်တိုက်ဆိုင်ဆိုင် တရုတ်ကင်းထောက်သင်္ဘော ထျန်းဝမ်ရှင်းက ဖိလစ်ပိုင်ရဲ့ မင်ဒိုရိုကျွန်းနားမှာ ပေါ်လာခဲ့တာပါ

ဖိလစ်ပိုင်ရဲ့ အထူးစီးပွားရေးဇုန်နားမှာ တရုတ်စစ်တမ်းကောက် သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေ မကြေညာဘဲ ရောက်လာတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက အစီရင်ခံတာ ခုတကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။

၂၀၂၂ ခုနှစ်က ဖိလစ်ပိုင်ရဲ့ စူးလူးကျွန်းနားမှာ တရုတ်ကင်းထောက်သင်္ဘော ဟိုင်ဝမ်ရှင်းကို ဖိလစ်ပိုင် ရေတပ်က ၃ ရက်ကြာ နောက်ယောင်ခံ လိုက်ခဲ့ရဖူးပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013