Home
မြန်မာသတင်း
နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ပြုလုပ်သူ နည်းပါးလာ 
DVB
·
August 15, 2025

မြန်မာနိုင်ငံမှာ လူငယ်တွေ ပြည်ပထွက်ခွင့်နဲ့ပတ်သက်လို့ စစ်ကောင်စီက ကန့်သတ် ထိန်းချုပ်လိုက်တာကြောင့် နိုင်ငံကူးလက်မှတ် ပြုလုပ်မယ့်သူတွေ နည်းလာပြီး ကြိုတင်ရက်ချိန်းကို ရက်ပိုင်းပဲ စောင့်ရတော့တယ်လို့ ပတ်စ်ပို့ ဝန်ဆောင်မှုပေးနေသူတွေဆီက သိရပါတယ်။

အရင်က နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းယူရာမှာ လနဲ့ချီ စောင့်ဆိုင်းရတဲ့ အခြေအနေ ရှိခဲ့ရာကနေ ဒီရက်ပိုင်းကစပြီး ရန်ကုန်နဲ့ မြို့ကြီးတချို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ မနက်ဖြန်အတွက် ရက်ချိန်းကို ဒီနေ့လိုကတည်းက ယူလို့ရတဲ့ အခြေအနေ ဖြစ်လာတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကနေ ထုတ်ပြန်ထားချက်အရ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ ပဲခူး၊ မကွေး၊ မုံရွာမြို့တွေရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ သြဂုတ် ၁၅ ရက်အတွက် ရက်ချိန်းကို သြဂုတ် ၁၄ ရက်မှာတင် လျှောက်ထားလို့ရတယ်လို့ အသိပေးထားပါတယ်။

တခြားမြို့တွေက ရုံးတွေမှာလည်း အနည်းဆုံးရက်ပိုင်းကနေ အကြာဆုံး နိုဝင်ဘာလအထိအတွင်း ရက်ချိန်းယူနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

အဲဒီလို နိုင်ငံကူးလက်မှတ်လုပ်ဖို့ အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းယူနိုင်မယ့်ရက် တိုသွားတာဟာ စစ်ကောင်စီက ပြည်ပထွက်ခွင့် ကန့်သတ်ထိန်းချုပ်လိုက်တာတွေနဲ့ အဓိက ဆက်စပ်နေတယ်လို့ နိုင်ငံကူးလက်မှတ်အတွက် ဝန်ဆောင်မှုပေးနေသူတယောက်က ပြောပါတယ်။

“လူငယ်အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့်မပေးတော့ အဲဒီအသက်အပိုင်းအခြားထဲကသူတွေ ပတ်စ်ပို့မလုပ်တော့တာ များတယ်။ ပြီးတော့ ပြည်ပထွက်လုပ်ခွင့် လူဦးရေ ကန့်သတ်လိုက်တာကြောင့်နဲ့လည်း ဆိုင်တယ်။”

အရင်က အွန်လိုင်းကြိုတင်ရက်ချိန်းရဖို့ လအတန်အကြာ မစောင့်နိုင်တဲ့ အလုပ်သမားတွေမှာ ရက်ချိန်းအမြန်ရအောင် ပွဲစားနဲ့ချိတ်လုပ်တာတွေရှိပြီး ကျပ် ၃၀၀,၀၀၀ အထိ ပေါက်စျေးရှိခဲ့ပါတယ်။

လက်ရှိမှာ နိုင်ငံကူးလက်မှတ်လုပ်ထားပြီး ပြည်ပထွက်ခွင့် အလှည့်မရောက်သေးလို့ စောင့်ဆိုင်းနေရသူ အများအပြား ကျန်ရှိနေတာကြောင့် နောက်ထပ်လူသစ်တွေမှာ အခြေအနေ စောင့်ကြည့်နေရတယ်လို့ အေဂျင်စီလုပ်ငန်းအသိုက်အဝန်းက သိရပါတယ်။

စစ်ကောင်စီက ဒီနှစ် မတ်လကစပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပအလုပ်ထွက်လုပ်ခွင့် ပိတ်ထားသလို အေဂျင်စီတခုချင်းအတွက် သက်ဆိုင်ရာနိုင်ငံအလိုက် စေလွှတ်ခွင့်ပေးမယ့် လုပ်သားဦးရေကို ကန့်သတ်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013