Home
ရုပ်သံ
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပန လူစည်ကားစေရန် ငွေပေးပြီး လူခေါ်ခဲ့ရ 
DVB
·
August 11, 2025

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနကို စစ်ကောင်စီက နိုင်ငံတော်အဆင့်ဆိုပြီး ကျင်းပခဲ့ပေမဲ့ လူစည်ကားစေဖို့ တယောက် ကျပ် ၁၀,၀၀၀ နှုန်းနဲ့ ရပ်ကွက်ထဲကသူတွေကို ခေါ်ခဲ့ရတယ်လို့ နေပြည်တော်ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၇ ရက်မှာ ကွယ်လွန်ခဲ့တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနကို ဩဂုတ် ၁၁ ရက် ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်စစ်သင်္ချိုင်းမှာ ပြုလုပ်ခဲ့ပြီး လူစည်ကားစေဖို့အတွက် ဝန်ထမ်းတွေကို မဖြစ်မနေ အသုဘပို့ခိုင်းတဲ့အပြင် ငွေကြေးပေးမယ်ဆိုပြီး ရပ်ကွက်တွေထဲက ပြည်သူတွေကိုပါ ခေါ်ယူခဲ့တယ်လို့ နေပြည်တော် ဒေသခံတွေက ပြောပါတယ်။

အသုဘသွားရောက်ခဲ့တဲ့ နေပြည်တော် ဒေသခံတယောက်က “နေက ပူသလို ဘယ်သူမှ လိုက်မပို့ချင်ဘူး။ ကျပ် ၁၀,၀၀၀ ပေးမယ်ဆိုပြီး အသည်းအသန် လာခေါ်တာကြောင့် မနက်ကတည်းက လာစောင့်နေရတာ။  ရေဘူးနဲ့ တရားစာအုပ်သာ ပေးတယ်”လို့ ပြောပါတယ်။

တာဝန်ရှိသူတွေက လူစုပေးပါဆိုလို့ ရပ်ကွက်ထဲကလူတွေကို စုပေးလိုက်ရကာ ထမင်းဖိုးပေးမယ်ဆိုပြီး တရပ်ကွက်ကို အယောက် ၂၀ ခေါ်ပေးရပေမဲ့ စိတ်မဝင်စားကြသူတွေ များတယ်လို့ နေပြည်တော်ဒေသခံကပြောပါတယ်။

တချို့ကျတော့လည်း နိုင်ငံတော်ဈာပနဆိုတာ ဘယ်လိုမျိုးလဲဆိုပြီး လာကြည့်ကြတာ ဖြစ်သလို ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ သူတို့ရုံးကခေါ်ကြပြီး ပြည်သူတွေကတော့ ပိုက်ဆံပေးပြီး စည်းရုံးရတာလို့  လူစုပေးခဲ့ရတဲ့ ရပ်ကွက်လူကြီးတယောက်က ပြောပါတယ်။

ဒါ့အပြင် ဦးမြင့်ဆွေရဲ့နာရေးကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကလည်း မဖြစ်မနေ လိုက်ပါပို့ဆောင်ပေးရပြီး ဝန်ထမ်းဦးရေ  ၅,၀၀၀ နီးပါးရှိတယ်လို့  သိရပါတယ်။

ရုပ်အလောင်းသယ်ဆောင်ရာ လမ်းတလျှောက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အနီးနားရှိ ကျေးရွာတွေက ပြည်သူတွေကို အင်အားပြအနေနဲ့  စောင့်နေကြရပြီး အသုဘ လိုက်ပါပို့ဆောင်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဩဂုတ် ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်က အမှတ် ၂ တပ်မတော်ဆေးရုံ ခုတင် ၁၀၀၀ မှာ တက်ရောက် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013