
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စစ်ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးဝေဖြိုးနဲ့ စကားများရန်ဖြစ်ခဲ့တဲ့ မိတ္ထီလာပြည်သူ့စစ်ခေါင်းဆောင် အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်း သြဂုတ် ၈ ရက် ညနေမှာ အကျဉ်းထောင်က ပြန်လွတ်လာပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
အငြိမ်းစားတပ်ကြပ်ကြီးဇော်ယုထွန်းအပေါ်က စစ်ကောင်စီကအရင်ကဖွင့်လှစ်ထားတဲ့ အမှုတွေ ကို ရုပ်သိမ်းပေးပြီး ပြန်လွှတ်ပေးလိုက်တာလို့ မြို့ခံတယောက်က ပြောပါတယ်။
"ဇော်ယုထွန်း အဖမ်းခံရတော့ သူ့ဘက်ကနေ လိုက်ပေးတဲ့သူအတော်များတယ်။ စစ်ဘက်ကရော၊ အရပ်ကရော၊ စစ်မှုထမ်းငွေတောင်းတဲ့ကိစ္စ တနိုင်ငံလုံးဖြစ်နေတာ ငြင်းလို့မရဘူး။ နောက်တခုက ရွေးကောက်ပွဲလည်း လုံခြုံရေးအတွက်လည်းပါတာပေါ့။”
မိတ္ထီလာမှာ စစ်မှုထမ်းငွေကြေးတောင်းခံတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ရေးသားခဲ့လို့ မေလ ၁၅ ရက်က မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်ရှိ နေအိမ်မှာ ဇော်ယုထွန်းကို စစ်တပ်က ဖမ်းဆီးခဲ့တာပါ။
အငြိမ်းစားတပ်ကြပ်ကြီးဇော်ယုထွန်းကို ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ကာ မိတ္ထီလာထောင်ပို့ပြီး ဇွန်လအတွင်းမှာ တရားရုံးထုတ်စစ်ဆေးခဲ့ပြီး ၁ လကျော်အကြာမှာ ပြန်လွတ်လာတာပါ။
ဇော်ယုထွန်းနည်းတူ ပြင်ဦးလွင်မှာ အဖမ်းခံရတဲ့ တပ်ထောက်ခံသူဇော်ဘုန်းဟိန်းကိုတော့ စစ်ကောင်စီက သြဂုတ် ၇ ရက်က ပုဒ်မ ၄ ခုနဲ့ ပြင်ဦးလွင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၁၁ နှစ် အမိန့်ချခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်ကိုဝေဖန်ခဲ့လို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သားမက် အငြိမ်းစားဗိုလ်မှူးကြီး နေစိုးမောင်၊ လွှတ်တော်အမတ်ဟောင်း အငြိမ်းစား ဒုဗိုလ်မှူးကြီး ကျော်ဇေယျ၊ ပြန်ကြားရေးဒုဝန်ကြီး အငြိမ်းစားဒုဗိုလ်မှူးကြီး ရဲထွဋ်တို့ကို ဖမ်းဆီး ထောင်ချထားပါတယ်။