
ပြည်သူ ၇၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ ၄ နှစ်ခွဲတာကာလကို မင်းအောင်လှိုင်က အောင်မြင်သော ပထမစာမျက်နှာလို့ ဖွင့်ဆိုလိုက်တယ်။
ဇူလိုင် ၃၀ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ ဆိုတဲ့ စစ်ကောင်စီ ပိတ်ပွဲပြုလုပ်ကာ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ၄ နှစ်ခွဲတာ ပြည်သူ သတ်ဖြတ် ဒုက္ခပေးခဲ့တဲ့ အမှုတွဲတွေကို မင်းအောင်လှိုင်က ဂုဏ်ပြုခဲ့တယ်။ စစ်ကောင်စီ သက်တမ်း ၄ နှစ်ခွဲတာကာလ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်လွှားကာ အောင်မြင်ခဲ့တယ်လို့ မင်းအောင်လှိုင်က မင်းအောင်လှိုင် ထုံးစံမပျက် ခပ်ကြွားကြွား ဆိုလိုက်တယ်။
မအောင်မြင်တဲ့ အာဏာသိမ်းပွဲအစ ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်ကာ စစ်ဗိုလ်ချုပ်တွေ နေပြည်တော်မှာ အပေါ်လေမိနေခိုက် တူမီးနဲ့စခဲ့တဲ့ နွေဦးဟာ နေ့ချင်းကြီးလာခဲ့တယ်။ တနိုင်ငံလုံး တစပြင် ဖြစ်သွားတဲ့ အထိ ပြည်သူတို့ရဲ့ စုစည်းညီညွတ်သော အသံတိတ်သပိတ်မှာ စစ်ဗိုလ်ချုပ်တို့ ရင်ဝ မြားတန်းလန်းနဲ့ ဆတ်ဆတ်ခါခဲ့ရ။ နိုင်ငံအနှံ့ ဝုန်းဒိုင်းကြဲနေတဲ့ သေနတ်သံတွေကိုလည်း စိတ်ချောက်ချားခဲ့ရတယ်။
၁၀၂၇ စစ်ဆင်ရေးကြီး စတင်ပြီဆိုတာနဲ့ ‘ငါမသေ ငါ့စခန်းမကျစေရ’ ဆိုင်းဘုတ်အောက်မှာ ငါလည်းသေ၊ စခန်းတွေလည်း ကြေ။ မဆုတ်တမ်း ခံစစ်စခန်းကနေ နောက်ကျတဲ့ ခြေထောက် အသက်ပျောက်မယ်မှန်း သိလို့ ငယ်သံပါ ထွက်ပြေးခဲ့ကြတဲ့ စစ်သားတွေကြောင့် တမြို့ပြီးတမြို့ စစ်ကောင်စီအာဏာ ပျောက်ဆုံးကာ နေပြည်တော်အာဏာပင် ဖုတ်လိုက်ဖုတ်လိုက်နဲ့ အရေးပေါ်ခန်းထဲ ရောက်ခဲ့ရ။
သိက္ခာမဲ့ အိမ်နီးချင်း တရုတ်ကြီးရဲ့ မြန်မာ့ပြည်တွင်းရေး ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခြင်းသာ မရှိခဲ့ရင် မန္တလေးမြို့ကြီးပင် တော်လှန်ရေးအင်အားစုလက်ထဲသို့ သက်ဆင်းရနိုင်ပြီး မင်းအောင်လှိုင်တို့ မိသားစု ရုရှား ပြေးဖို့ အထုပ်အပိုးပြင်ရတော့မယ့် အခြေ။ ဒါတောင် မြို့ပေါင်း ၉၀ ကျော်အထိ သိမ်းပိုက်ခံလိုက်ရတာကြောင့် စစ်အုပ်စုဝင်တချို့က မင်းအောင်လှိုင် ကာချုပ်ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့တဲ့အထိ အရှက်တကွဲ။
၄ နှစ်ခွဲတာကာလမှာ ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုတ်အစိုးရက ဟိန်းဟောက် ရိက္ခာဖြတ် ကြိုးတုပ်ပေးရုံတင်မက စစ်ကောင်စီဘက် နိုင်ငံရေးရပ်ခံမှုနဲ့ လက်နက်ခဲယမ်း အကူအပံ့ပေးခြင်းဟာ စစ်ကောင်စီအတွက် အသက်ချမ်းသာရာရစေခဲ့တယ်။ ဒါ့အပြင် စစ်မှုထမ်းဥပဒေကို အဓမ္မဖော်ဆောင်လိုက်နိုင်ခြင်းကလည်း ၄ နှစ်ခွဲတာအတွင်း စစ်ကောင်စီကိုယ်တိုင် ဖော်စပ်လိုက်နိုင်တဲ့ တခုတည်းသော အသက်ကယ်ဆေးလည်း ဖြစ်တယ်။
စစ်မှုထမ်းဥပဒေဟာ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်လိုက်ခြင်းဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေ အာဃာတ ကြီးမားခဲ့တဲ့ ရန်သူတော် နံပါတ်တစ် စာရင်းဝင် မြန်မာပြည်သူတွေအပေါ် အကောင်းဆုံး လက်စားချေလိုက်နိုင်ခြင်းလည်း ဖြစ်တယ်။ ငါတို့ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ပြည်သူ အခုမှတ်ပြီလား ဆိုပြီး နေပြည်တော်စစ် ဗိုလ်ချုပ်တွေ ရင်ခေါင်းသံကြီးနဲ့ အော်ဟစ်နေမှာ သေချာတယ်။ အသံတိတ်သပိတ်ကြောင့် ငါတို့ ချောက်ချားခဲ့သလို မင်းတို့ပြည်သူတွေ အခု ပြန်ချောက်ချားရပြီ မဟုတ်လားလို့လည်း အကျေနပ်ကြီး ကျေနပ်နေကြလောက်တယ်။
စစ်မှုထမ်းဥပဒေဟာ ခပ်လို့မကုန်နိုင်တဲ့ ငွေတွင်းကြီးလည်း ဖြစ်နေတာကြောင့် အောက်ခြေအဆင့် စစ်အုပ်စုဝင်တွေ လူဖမ်းပွဲကြီး ပျော်ပျော်ကြီး ဆင်နွှဲကြတယ်။ ဒီစစ်မှုထမ်းကြောင့် ငွေဝင်နေတာမို့ စစ်မှုထမ်း အပတ်စဉ်တိုင်း လူ ၅၀၀၀ ရရှိရေးအတွက် နည်းလမ်းမျိုးစုံနဲ့ လှော်ကြတယ်။ ဒီစစ်မှုထမ်း စစ်သားတွေကြောင့်ပဲ တန်ပြန်ထိုးစစ် လူလှိုင်းစစ်ဆင်ရေးအဖြစ်နဲ့ TNLA သိမ်းထားတဲ့ နောင်ချိုမြို့ကို ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီ ပြန်လည်သိမ်းပိုက်။ ဇူလိုင် ၆ ရက်ကလည်း မိုးဗြဲမြို့ပေါ် စစ်ကောင်စီအလံ ပြန်စိုက်နိုင်ခဲ့။ အဲဒီမြို့နှစ်မြို့ကို ပြန်သိမ်းနိုင်ဖို့အတွက် စစ်တပ်က လပေါင်းများစွာ တန်ပြန်ထိုးစစ်ဆင်ခဲ့ရတယ် ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် စစ်ဗိုလ်ချုပ်တွေ တဖန် အစွယ်ကြွလာသလို မင်းအောင်လှိုင် ပြောတဲ့ ပထမစာမျက်နှာဟာ အပိတ်လှခဲ့တယ်လို့ ဆိုရပါမယ်။
ဇူလိုင် ၃၀ ရက်မှာ စစ်ကောင်စီ ဂုဏ်ပြုပွဲ ပြုလုပ်ပြီးနောက် ဇူလိုင် ၃၁ ရက်မှာ ကာလုံ လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတအဖြစ် ကိုယ့်ဘာသာ ခန့်အပ်ထားတဲ့ မင်းအောင်လှိုင်က ခေါ်ယူ။ ကာလုံအစည်းအဝေး ဆုံးဖြတ်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်တိုင်ခန့်ယာယီသမ္မတ မင်းအောင်လှိုင်က စစ်ကောင်စီကို ဖျက်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ နိုင်ငံတော်အာဏာ လွှဲအပ်ထားခြင်းကိုလည်း ယာယီသမ္မတမင်းအောင်လှိုင်က ပြန်ရုပ်သိမ်း။ အဲဒီနောက် ယာယီသမ္မတမင်းအောင်လှိုင်က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (စစ်ကော်မရှင်)ကို ဖွဲ့စည်းလိုက်ကာ အဲဒီစစ် ကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် ကိုယ်တိုင်ခန့် ယာယီသမ္မတနဲ့ သန်းရွှေခန့်ကာချုပ် မင်းအောင်လှိုင်က တာဝန်ယူလိုက်တယ်။
မထူးခြားတဲ့ ထူးခြားချက်တစ်ခုက မင်းအောင်လှိုင် အမိန့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့ ဦးဆောင်သူ ဝန်ကြီးချုပ်ရာထူးကို မင်းအောင်လှိုင် စွန့်ကာ ညိုစော ဝန်ကြီးချုပ် ဖြစ်လာခြင်းပါပဲ။ ညိုစောကို ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အနားပေး အစွယ်ချိုးလိုက်လို့ ဦးညိုစော ဖြစ်လာတယ်။ အစိုးရအဖွဲ့ ဦးဆောင်သူက ဝန်ကြီးချုပ်ညိုစော ဖြစ်ပေမဲ့ ညိုစောဟာ မင်းအောင်လှိုင် ဥက္ကဋ္ဌ လုပ်တဲ့ စစ်ကော်မရှင်မှာ အဖွဲ့ဝင်သာဖြစ်တာကြောင့် အဘကြီး မင်းအောင်လှိုင်ကို မော်မကြည့်ရဲတဲ့ တပည့်ကျော် ဝန်ကြီးချုပ်ကြီးအဖြစ် ဆက်လက် အသုံးတော်ခံရတာပါပဲ။
ဇူလိုင် ၃၁ ရက် ကာလုံအစည်းအဝေးအပြီး အမှန်တကယ် ပြောင်းလဲလာတဲ့ အပြောင်းအလဲ တရပ်ကတော့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို နဖူးစည်းတင်လာရုံတင်မက ကာလုံရုံးကိုပါ အသစ်ဖွဲ့စည်းလိုက်ခြင်းက အနာဂတ်ကာလမှာ ကာလုံရဲ့ အခန်းကဏ္ဍကို အစိုးရအဖွဲ့ရဲ့အထက် အမြင့်ဆုံးမှာရှိနေဖို့ အစပျိုးလိုက်ခြင်း ဖြစ်တယ်။ ဒါ့အပြင် ကာလုံရဲ့ ဦးတည်ချက် ၄ ရပ်ကိုလည်း ထုတ်ပြန်လိုက်ပြီး “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး”လို့ နံပါတ် ၄ အချက်မှာ ဖော်ပြထားတာ တွေ့ရတယ်။ အဲဒီအချက်ကို ဖြေလိုက်ရင် ကာလုံရဲ့ အခန်းကဏ္ဍဟာ စစ်အုပ်စုရွေးကောက်ပွဲ အောင်မြင်ရေးတင်မကဘဲ ရွေးကောက်ပွဲ အလွန်ကာလအထိ ရည်ညွှန်းထားတာ တွေ့ရတယ်။ ဒါ့အပြင် ‘ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက် လှမ်းနိုင်ရေး” ဆိုတာကို အကန့်အသတ်မဲ့ အချိန်ကာလလို့ ဖွင့်ဆိုရပါမယ်။
ဘာကြောင့် ကာလုံရဲ့ အခန်းကဏ္ဍကို ပြိုင်ဘက်မရှိ ဒီလောက် ထိုးတင်နေရတာပါလဲ။ မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲပြီးရင် သမ္မတကြီးလည်း လုပ်ချင်၊ စစ်တပ်အာဏာကိုလည်း လက်မလွှတ်ချင်၊ အစိုးရ ဆိုတာ စစ်အုပ်စု ကြီးစိုးထားတဲ့ ကာလုံအောက်မှာပဲ ရှိစေချင်တာကြောင့်လို့ နားလည်ရပါတယ်။
လက်ရှိမှာ မင်းအောင်လှိုင်ဟာ ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတအဖြစ် ခန့်အပ်ထားတာကြောင့် အာဏာသိမ်းစစ်တပ်က အသက်ဝင်နေသေးတယ်လို့ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရဲ့ အထွတ်အထိပ်အာဏာကို ရရှိထားတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ ဦးဆောင်သူလည်း ဖြစ်တယ်။ ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်နေတာကြောင့် သေနတ်အာဏာရဲ့ အရှင်သခင်လည်း ဖြစ်နေပြန်တယ်။
ရွေးကောက်ပွဲအပြီး မင်းအောင်လှိုင် သမ္မတလုပ်ရင် အခြေခံဥပဒေအရ ကာချုပ်ရာထူးကို လက်လွှတ်ရပါမယ်။ ကာချုပ်ရာထူးကို အခု တစ် ပြေးနေတဲ့ မင်းအောင်လှိုင်ခန့် ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကိုပဲ ပေးပေး၊ ဘယ်သူ့ကိုပဲ ပေးပေး၊ ကာချုပ်အသစ်ကို မင်းအောင်လှိုင်က ဘယ်လောက်ပဲ ချေးနိုင် သေးနိုင် နိုင်စေဦးတော့။ အာဏာမှမရှိတော့ရင် စစ်တပ်တွင်း အဘကြီး ဆိုတာလည်း တဖြည်းဖြည်း ပွဲပြီးသွားမြဲဓမ္မတာကို မင်းအောင်လှိုင် သိတယ်။
ပြီးတော့ ကာချုပ်အသစ်အပေါ် ယုံကြည်စိတ်ချရမှုက ဘယ်နှနှစ် ခံမှာလဲ။ မင်းအောင်လှိုင်ကိုယ်တိုင်ကိုက သူ့ရဲ့အဖ သခင်ကျေးဇူးတော်ရှင် သန်းရွှေကို အကျယ်ချုပ်နဲ့မခြား ခေါက်သိမ်းခဲ့သူ ဆိုတော့ ကိုယ့်ရုပ် ကိုယ်မှန်ထဲ ကြည့်မိတိုင်း ဘယ်သူ့ကိုမှ မယုံရဘူး ဆိုတဲ့ သင်ခန်းစာနဲ့ ကြောက်စိတ်ကြီးစွာ ကြက်သီးထရမြဲ မဟုတ်လား။
ဆိုတော့ သမ္မတကြီးလည်း လုပ်မယ်၊ ကာချုပ်ရဲ့အထက်မှာနေပြီး စစ်တပ်အာဏာကို ဆက်ကိုင်ထားမယ်။ တရုတ်သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် စစ်တပ်ရဲ့ အမြင့်ဆုံးအာဏာ ဆုပ်ကိုင်ထားသလိုမျိုး။ အဲဒီအတွက် တခုတည်းသော နည်းလမ်းက အခု ကာလုံကနေ စစ်ကော်မရှင် (နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်) ဖွဲ့စည်းပြီး စစ်ကော်မရှင်ဥက္ကဋ္ဌတာဝန် မင်းအောင်လှိုင် ယူထားသလိုမျိုး။ စစ်ကော်မရှင်ဥက္ကဋ္ဌ သမ္မတ မင်းအောင်လှိုင်ရဲ့အောက်မှာ ကာချုပ်ကို ထားကာ စစ်တပ်ရဲ့ အမြင့်ဆုံးအာဏာကို ဆုပ်ကိုင်ထားနိုင်ရေးအတွက် အခု လမ်းစဖောက်တဲ့ပုံ။
မင်းအောင်လှိုင်က တရားမဲ့သိမ်းထားတဲ့ အာဏာ လက်မလွှတ်စေရေး ဆိုတဲ့ သူ့ရည်မှန်းချက်အတိုင်း ဘယ်ကမ္ဘာက ဘာပြောပြော မိုက်လုံးကြီးစွာနဲ့ တစိုက်မတ်မတ် လျှောက်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ဖမ်းဝရမ်းထုတ်လည်း အာဏာသာရှိနေရင် ဘယ်သူမှ လာဖမ်းလို့မရဘူး ဆိုတာ မင်းအောင်လှိုင် ကောင်းကောင်းသိနေပြန်တော့ ရာသက်ပန် အကြွင်းမဲ့ အာဏာရရှိရေးအတွက် မင်းအောင်လှိုင် ခေါင်းမီးတောက်ရတယ်။
အာဏာသာ မရှိတော့ရင် ကြိုးစင်ပေါ် အသက်ပျောက်သွားနိုင်ရုံတင်မက သားစဉ်မြေးဆက် ဘဝပျက်သွားမယ်ဆိုတာ မင်းအောင်လှိုင် ကောင်းကောင်းသိတယ်။
ဒါ့ကြောင့် အခု မင်းအောင်လှိုင် ပြောတဲ့ ဒုတိယစာမျက်နှာကို သွေးသံတရဲရဲတွေနဲ့ပဲ ထပ်ဖွင့်လှစ်လိုက်တယ်။
လင်းဆက်ငြိမ်းချမ်း