
အာဏာသိမ်းစစ်တပ်ရဲ့ အကျဉ်းထောင်တွင်း ဖိနှိပ်ဖမ်းဆီးမှုတွေ၊ ဆေးဝါးကုသခွင့်မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေလည်း ပါဝင်နေပါတယ်။ အကျဉ်းထောင်အတွင်းမှာ မိခင်တွေ ဖြတ်သန်းနေရတဲ့ ဖိနှိပ်ခံရမှုတွေနဲ့အတူ ကလေးငယ်တွေအပေါ် သက်ရောက်လာတဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ မိခင်တွေရဲ့ ပြောပြချက်တွေကို စုစည်းတင်ပြထားပါတယ်။
အမျိုးသမီးတယောက်အတွက် ကိုယ်ဝန်ဆောင်ရချိန်၊ ကလေးမီးဖွားရချိန်ဟာ မလွယ်ကူတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ တချို့သော မိခင်တွေကတော့ ဒီအခြေအနေကို အကျဉ်းထောင် နံရံတွေနောက်မှာ ဖြတ်သန်းနေရပါတယ်။ စစ်အာဏာသိမ်းချိန် အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ရင်း ဖမ်းဆီးခံရသူတွေထဲမှာ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
အဲဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဝင်ကြပြီး စစ်တပ်က ထောင်ချချိန်မှာတော့ အကျဉ်းထောင်တွင်း ဆေးရုံမှာပဲ ကလေးမီးဖွားခဲ့ကြရသလို ထောင်အပြင်မှာ ကလေးပြုစုစောင့်ရှောက်ဖို့ မရှိသူတွေကတော့ ကလေးငယ်ကို အကျဉ်းထောင်ထဲမှာပဲ ဆက်လက်ပြုစု စောင့်ရှောက်ထားရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
အသက် ၃၀ အရွယ် မခင်အေးကတော့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်မှုကြောင့် သူရော သူ့အမျိုးသားရောကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။ စစ်ကြောရေးကာလမှာပဲ ကိုယ်ဝန်ရှိခဲ့တာကို သိခဲ့ရပြီး ထောင်ထဲမှာပဲ ကလေးမီးဖွားဖို့ ဖြစ်လာခဲ့ပြီး ကိုယ်ဝန်ဆောင်ကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရကြောင်း ပြောပြပါတယ်။
“အင်းစိန်ထောင်မှာပါပဲ၊ စစ်ကြောရေးမှာ အတော်နေမကောင်းလို့ ဆီးစစ်ကြည့်လိုက်မှ ကိုယ်ဝန်ရှိမှန်းသိတယ်။ ရောက်ခါစ တပတ်လောက်ကတော့ တော်တော်လေးကို ကြမ်းကြမ်းတမ်းတမ်း၊ စဖမ်းကတည်းက ခြေထောက်နဲ့ကန်ခံရတယ်၊ ရိုက်ခံရတယ်၊ နောက်ပိုင်းကျ ပုံမှန်မေးခွန်းတွေပဲ ၄၃ ရက်ကြာတယ်၊ နောက်ပိုင်းကာလတော့ ပုံမှန်မေးခွန်းတွေပဲ။ ကိုယ်ဝန်ရှိမှန်း သိတာနဲ့ အထက်လူကြီးကို အကြောင်းကြားပေးပြီး အမျိုးသားနဲ့ အတူထားပေးတယ်။ စစ်ကြောရေးမှာ အစောပိုင်း ကိုယ်ဝန်ကာလ ထောင်ဆေးရုံမှာ မလေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေက ဆေးစစ်ပေးတယ်။ ဆရာဝန်တွေ သူနာပြုတွေ တယောက်မှ မပါဘူး။ အဲဒီအချိန် ကျမ သွေးပေါင်တွေကျပြီး အကြောဆေးတွေ ဘာတွေ သွင်းဖို့လိုတော့ သူတို့ရဲ့ မကျွမ်းကျင်မှုကြောင့် အပ်ကို ၅ ခါလောက် အဖောက်ခံရတယ်။ ကိုင်ပေးတဲ့ အမျိုးသမီးက HIV ရှိတယ်။ တပတ်ကို တခါတော့ ကိုယ်ဝန်ဆောင်လမ်းကြောင်း ပြရတယ်။ သွေးပေါင်ချိန်တယ်၊ ဝိတ်တိုင်းတယ်၊ ဖောလစ်အက်ဆစ် ပေးတယ်၊ ဒါပါပဲ။”
ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မရခဲ့တာတွေအပြင် မွေးဖွားပြီးနောက် ထောင်တွင်းမှာ ကလေးငယ်ကိုလည်း အကျဉ်းသားတွေနည်းတူ ထားတာကြောင့် သူ ပြန်လည်လွတ်မြောက်လာချိန်မှာတော့ အဲဒီအကျိုးဆက်ကို ကလေးငယ်က ခံစားခဲ့ရပါတယ်။
“သားသားက ၂ နှစ်ခွဲအထိ စကားမပြောနိုင်ဘူး။ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ကြုံရတယ်။ ပုံမှန်မဟုတ်တာတွေ အတော်ကြုံရတယ်။ ၂ နှစ်ခွဲရဲ့ ဒီဘက်မှ နည်းနည်းပြောင်းလဲလာတယ်။ ကျမကလည်း လွတ်လာတော့ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ်။ အမျိုးသားက ထောင်ထဲမှာ ကျန်ခဲ့တော့ သူ့အတွက် ပါဆယ်ပို့တာလည်း လုပ်ရတယ်။ ကလေးကို အချိန်မပေးနိုင်ဘူး။ အခုမှ ကလေးကို အချိန်ပြန်ပေးမယ် ဆိုပြီးတော့။ ဒါပေမဲ့ သားသားက ပုံမှန်မဟုတ်တာလေးတွေ ရှိသေးတယ်။ တဖြည်းဖြည်းချင်းတော့ ကုသရမှာပေါ့။ မိခင်တယောက်အနေနဲ့ ဆိုတာထက် ကျန်းမာရေးရှုထောင့်က ကြည့်မယ် ဆိုလို့ရှိရင် ကလေးက ကိုယ်ဝန်စရှိတဲ့ အချိန်ကတည်းက သူ့ဦးနှောက် စပြီး ဖွံ့ဖြိုးတဲ့အချိန်ပေါ့လေ။ အဲဒီအချိန်ကတည်းက ကျမတို့က စိတ်ရောလူရော တအားဒုက္ခရောက်တယ်၊ အာဟာရမပြည့်ဝဘူး။ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိဘူး။”
ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်ကတော့ အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေး စောင့်ရှောက်ခွင့်တွေနဲ့ အကျဉ်းထောင်ပြင်ပမှာ ကလေးမွေးဖွားခွင့်တွေအပြင် မွေးကင်းစကလေးနဲ့ အတူ အသက် ၆ နှစ်အထိ ထားနိုင်တယ်လို့ အကျဉ်းထောင်လက်စွဲဥပဒေမှာ ဖော်ပြထားပါတယ်။ လက်တွေ့မှာတော့ မိခင်နဲ့ ကလေးတို့ဟာ အကျဉ်းသားအခွင့်အရေးတွေ ဆုံးရှုံးပြီး ဖိနှိပ်ခံနေကြရကာ အချိန်မီ ထောင်ဆေးရုံကို မပို့နိုင်တာကြောင့် နိုင်ငံရေးအကျဉ်းသူ မချယ်ရီဘိုကြည်နိုင်ရဲ့ ကလေးငယ်ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ၅,၀၀၀ ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ရဲ့ စာရင်းတွေအရ သိရပါတယ်။ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေထဲမှာမှ ကလေးငယ်နဲ့အတူ အကျဉ်းကျသူနဲ့ ကိုယ်ဝန်ဆောင်မိခင် ၁၂၅ ယောက်ဝန်းကျင် ရှိနေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ နည်းတူပဲ နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်တွေအတွင်းမှာ ပုံစံမျိုးစုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး တခြားအကျဉ်းသူတွေနဲ့လည်း ခွဲခြားဆက်ဆံခံရတာမျိုးတွေ ရှိတယ်လို့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေး အကျဉ်းသူတွေက ပြောပါတယ်။
အာဏာသိမ်း ၄ နှစ်ကျော်အတွင်း ထောင်တွင်း ဆေးဝါးကုသခွင့် မရရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၁၂၄ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသူ အယောက် ၃၀ နီးပါး ပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က အကျဉ်းထောင်တွင်းမှာ ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိတဲ့အတွက် အသက် ၂၆ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် သေဆုံးခဲ့ရပါတယ်။
“အဓိက သူသည် ဆေးရုံဆောင်မှာ ဆေးဝါးကုသနေရတဲ့ နိုင်ငံရေးအကျဉ်းသူတယောက် ဖြစ်ပါတယ်။ ဒီလို ဆိုးဆိုးဝါးဝါးနဲ့ ကျန်းမာရေး ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသူတယောက်ကို လူသူဝေးလံတဲ့ မိသားစုဝင်တွေလည်း ပါဆယ်ပို့ရခက်တဲ့ ဒိုက်ဦးအကျဉ်းထောင်ကို ပို့လိုက်တယ် ဆိုတာ တော်တော်လေးကို အကြမ်းဖက်စစ်ကောင်စီက ကြံစည်တယ်လို့ ပြောလို့ရတာပေါ့နော်။ နောက်ပြီး ဒိုက်ဦးထောင်မှာလည်း မဝတ်ရည်အောင်က ဆေးဝါးကုသခွင့် လုံလုံလောက်လောက် မရရှိခဲ့ပါဘူး။”
အကျဉ်းထောင်တွင်းမှာ အခုလို ဘက်ပေါင်းစုံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပေမဲ့ ထောင်တွင်း ဝင်ရောက်စစ်ဆေးခွင့်ရတဲ့ အာဏာသိမ်းစစ်တပ်အောက်က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာလည်း နှုတ်ဆိတ်နေခဲ့ပါတယ်။
ဒါ့အပြင် အပြင်ကို ထုတ်ဖော်ပြောကြားရင် ဖိနှိပ်မှုတွေ ထပ်တိုးလုပ်ဆောင်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။
သီရိ