
ဗိုလ်ချုပ်ကြီးရာထူးကနေ ဖြုတ်ချခံရပြီး သမ္မတရုံး ဝန်ကြီးဌာန ၁ ရဲ့ ဝန်ကြီးဖြစ်သွားတဲ့ ဦးတင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (စစ်ကောင်စီ) က သြဂုတ် ၅ ရက်မှာ ခန့်အပ်လိုက်ပါတယ်။
ယာယီသမ္မတနဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စတွေ ဘက်ပေါင်းစုံမှ လေ့လာသုံးသပ် အကြံပေးနိုင်ဖို့အတွက် ခန့်အပ်တာဝန်ပေးလိုက်တာလို့ စစ်ကောင်စီရုံး အမှုဆောင်ချုပ် အောင်လင်းဒွေးရဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။
ဒီလိုထုတ်ပြန်ပေမဲ့ ရာထူးကနေ ဖြုတ်ပစ်လိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေကို နိုင်ငံရေးကပါ အပြီး ဖယ်ထုတ်ချင်တဲ့သဘော သက်ရောက်နေတယ်လို့ တပ်တွင်းဝေဖန်မှုတွေ ရှိနေတဲ့အကြောင်း နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။
“သမ္မတရုံးဝန်ကြီးဌာန ၁ က အလုပ်မရှိပေမဲ့ ထိုင်စရာရုံးရှိတယ်။ အကြံပေးထပ်ခန့်တာ အကြံပေးအဖြစ်ထားပြီး ဝန်ကြီးနေရာကပါ ပြန်ဖြုတ်မယ့်သဘော။ ဗိုလ်ချုပ်ကြီးညိုစောဆို တာဝန်ကနားပြီး နိုင်ငံတော်ဝန်ကြီးချုပ်သာ ဖြစ်သွားတယ်၊ ဘယ်ပွဲမှတက်တာ အခုချိန်ထိ မတွေ့ရဘူး။ အရင်လိုပဲ မင်းအောင်လှိုင်က စစ်ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ လျှောက်သွားနေတာ။”
အသစ်ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်ခြင်းမရှိတဲ့ ဗိုလ်ချုပ်ကြီးမိုးအောင်ဟာလည်း ရာထူးကမပြုတ်ပေမဲ့ လက်ကိုင်တပ်နဲ့ ထိုင်စရာရုံး မရှိဘူးလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ အာဏာသိမ်းပြီးချိန်က ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ရှမ်းမြောက် စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန် ကာကွယ်ရေးဝန်ကြီးတာဝန် ယူခဲ့ပေမဲ့ မြို့တွေ အကုန်သိမ်းခံရတာကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်မှာ ကာကွယ်ရေးဝန်ကြီးတာဝန်ကနေ ဖြုတ်ပြီး အရပ်ဘက်ကို ပို့ခံရတာပါ။
စစ်ခေါင်းဆောင်က သြဂုတ် ၃၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ပြန်ဖွဲ့ရာမှာ ဗိုလ်ချုပ်ကြီးညိုစော၊ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦးနဲ့ ဗိုလ်ချုပ်တိုးရီတို့ကို ရာထူးကနေ ဖြုတ်ပစ်လိုက်ပါတယ်။
ဖြုတ်ပစ်လိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ တာဝန်ပြန်ပေးခဲ့ပြီး စစ်ခေါင်းဆောင်ကတော့ စစ်ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် နေရာပြန်ယူခဲ့ပါတယ်။