
ရန်ကုန်မှာ ဆံပင်ဖြူတွေ ဖွေးဖွေးလှုပ်နေသူတောင် ပေါ်တာအဆွဲမခံရရေးအတွက် ရှေ့သွား နောက်ကြည့် ကျီးလန့်စာ စားနေရပြီလို့ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတယောက်က ဆိုတယ်။
အဲဒီသူငယ်ချင်း သိပ်မကြာသေးတဲ့ အရင်တုန်းက သူ့ဆံဖြူတွေကို ပုံမှန်ဆေးဆိုးကာ ဇရာကို ရသလောက် ဖုံးခဲ့တဲ့သူ။ ကျန်းမာရေးလည်း လိုက်စား၊ ပုံမှန်ဝင်ငွေလေးနဲ့ ကားတစီးနဲ့ အကြွေးကင်းကင်းနဲ့ ဒီခေတ်ဆိုးကြီးထဲ အပူမကန် ချွေးမပြန်ရသူမို့ အသက် ၄၀ ဝန်းကျင်လို့ ထင်ရတဲ့အထိ နုနုပျိုပျို။ ဒါပေမဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းရောက်တော့ နုနေရင် စစ်မှုထမ်းထဲ ပါသွားနိုင်တာမို့ ဆံပင်ဆေးမဆိုးတော့ဘဲ သဘာဝစတိုင်သို့ ကြောက်ကြောက်နဲ့ ပြန်ပြောင်းခဲ့သူ။
“အခုတော့ ဆံဖြူသွားကျိုးလည်း ချမ်းသာမပေးတော့လို့ သွားသတိ၊ စားသတိပဲ ဟေ့ကောင်ရေ” လို့ သူငယ်ချင်းက ဆိုတယ်။
ဇူလိုင် ၁၆ ရက်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ ဘောဂသိဒ္ဓိလမ်းနေ အသက် ၅၀ လောက် အရွယ်ရှိတဲ့ အမျိုးသားတယောက်ကို ပျူလူမိုက် ၄ ယောက်က စစ်မှုထမ်းဖို့ လာခေါ်ရာမှာ မလိုက်လို့ဆိုပြီး ဓားနဲ့ထိုးသွားကြောင်း Rangoon Scout Network က ဖော်ပြခဲ့သလို အခုရက်ပိုင်းအတွင်း သတင်းတွေက သက်ကြီးလည်းမရှောင် ဖမ်းဆီးငွေညှစ်ကာ ငွေမရရင် စစ်မှုထမ်းထဲ ပို့နေတယ်လို့ ဆိုလေတော့ သူငယ်ချင်း စိုးရိမ်မယ်ဆိုလည်း စိုးရိမ်ချင်စရာ။
အခုဆိုရင် စစ်မှုထမ်းသင်တန်းဖွင့်လှစ်မှုက အပတ်စဉ် ၁၅ အထိ ရောက်ပြီ။ အပတ်စဉ်တခုမှာ လူ ၅,၀၀၀ ကို အဓမ္မစုဆောင်း စစ်သင်တန်းတက်ခိုင်းနေတာဆိုတော့ စုစုပေါင်း လူ ၇၅,၀၀၀။ စစ်မှုမထမ်းနိုင်လို့ ပြည်ပ ထွက်ခွာသွားကြတဲ့ လူငယ်တွေလည်း မနည်း၊ PDF ရဲဘော်အဖြစ် ပြန်လည်တော်လှန်နေသူတွေလည်းမနည်း၊ မြို့ကြီးပြကြီးတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်မှုထမ်း မပါအောင် နေကြထိုင်ကြတဲ့ လူငယ်တွေလည်းမနည်း။ စစ်သားဖြစ်ပြီးနောက် အလင်းဝင်ကြတဲ့ လူငယ်တွေလည်း မနည်း။ ညဘက်တွေမှာ ကင်းလှည့်ပေါ်တာဆွဲနေတာလည်း အမြဲတမ်းလိုလို ဆိုတော့ လူငယ်တွေ ဖမ်းဆီးရရှိမှုအခြေအနေက ကြာလာလေ နည်းလာလေ။ ဒါ့ကြောင့် အမျိုးသားလူကြီးတွေတင်မက သိပ်မကြာခင် လူငယ်အမျိုးသမီးတွေကိုပါ စစ်မှုထမ်းသင်တန်း ပို့နိုင်ခြေ။
ဘာလို့ဆိုတော့ အဓမ္မစစ်မှုထမ်းအင်အားဟာ ဒယီးဒယိုင်ဖြစ်နေတဲ့ စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင် လာနိုင်တဲ့အထိ အလုပ်ဖြစ်ခဲ့သလို စစ်မှုထမ်းတပ်သားတွေ သေချင်သလောက်သေ ပုံအောထိုးစစ်ဆင်နေတာကြောင့် နောက်တန်းနေရာတွေမှာ အမျိုးသမီးလုပ်အားတွေ ဖြည့်ကာ ရှေ့တန်းသို့ စစ်သားတွေ နင်းကန် ပို့နိုင်တာကြောင့်။ စစ်မှုထမ်းတွေကို ရှေ့တန်းပဲပို့ပို့ နောက်တန်းမှာပဲ ထားထား၊ တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ ဒီစစ်တပ်ထဲ ဘယ်ပြည်သူမှ မဝင်ချင်ကြတာ သဘာဝကျတယ်။ ဘယ်လို အကြောင်းကြောင့်ဖြစ်ဖြစ် စစ်မှုထမ်းထဲ ပါသွားတာဟာ သေမင်းရဲ့ ဖိတ်စာ ရရှိလိုက်တာလို့ ပြည်သူတိုင်းက ယုံကြည်ကြတယ်။ မဝေးသေးတဲ့ မှတ်တမ်းအရ ၂၀၂၅ ဇွန် ၆ ရက်မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၈ ရပ်ကွက်က လူငယ်လေးတဦး စစ်မှုထမ်းဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဖိအားပေးခြင်းခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့တာဟာ စစ်မှုထမ်းအပေါ် လူငယ်အားလုံးရဲ့ ကြောက်စိတ်ကြီးမှုကို ကိုယ်စားပြုပါတယ်။
အဲဒီလို လူငယ်တွေရဲ့ ကြောက်စိတ်ကြီးမှုဟာ စစ်အုပ်စုဝင်တွေအတွက် ခပ်လို့မကုန်နိုင်တဲ့ ငွေတွင်းကြီးလည်း ဖြစ်နေပြန်တယ်။ စစ်မှုထမ်း မလိုက်ချင်ရင် ငွေပေးဆိုတာတွေ၊ စစ်မှုထမ်းကြေး ဆိုပြီး ငွေကောက်နေတာတွေ၊ ပေါ်တာဆွဲပြီး ငွေတောင်း၊ မပေးနိုင်ရင် စစ်မှုထမ်းထဲ့ ပို့နေတာတွေက စစ်အုပ်စု အာဏာသက်ရောက်မှုရှိတဲ့ မြို့တိုင်းမှာ သောက်သောက်လဲ။ စစ်မှုထမ်းနဲ့ ငွေတိုက်ရိုက်အချိုး။
ငွေတင်ပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ အခုနောက်ဆုံးပေါ် အသစ်ထွင်းလိုက်တဲ့ စစ်မှုထမ်း ဇာတ်လမ်းက စစ်မှုမထမ်းလိုရင် ပြည်ခိုင်ဖြိုးပါတီထဲ ဝင်ပါတဲ့။ ရန်ကုန်တိုင်းအတွင်း ပါတီဝင်အသစ် ၃,၀၀၀ ကျော် ဝင်ရောက်လာပြီး အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အရွယ်တွေ အများဆုံး ပါဝင်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌခင်ရီက ပြောကြောင်း ဇူလိုင် ၁၇ ရက် ဘီဘီစီသတင်းမှာ ဖော်ပြတယ်။
အဲဒီနောက် စစ်မှုမထမ်းလိုရင် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ပါလို့ စည်းရုံးရေးဆင်းနေကြောင်း သတင်းတချို့က ဖော်ပြကြသလို ပေါ်တာဆွဲခံရရင်လည်း ချက်ချင်းလိုက်ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိကဝတ်ပြုသေးကြောင်း ဇူလိုင် ၂၀ ရက်မှာ ခေတ်သစ်သတင်းဌာနက ဖော်ပြတယ်။ ဆက်လက်ပြီး သံလွင်တိုင်းမ်သတင်းဌာနကလည်း ပြည်ခိုင်ဖြိုးပါတီထဲဝင်ရင် စစ်မှုထမ်း ကင်းလွတ် ခွင့်ရမယ်လို့ မွန်ပြည်နယ်အတွင်း ပြည်ခိုင်ဖြိုး ပါတီက လိုက်စည်းရုံးနေတယ်လို့ ဆိုတယ်။
ဒီရက်ပိုင်း ပြည်ခိုင်ဖြိုးခေါင်းဆောင်က စစ်တပ်ထောက်ခံတဲ့ ပြည်တွင်းသတင်းထောက်တွေကို နေ့လယ်စာလည်းကျွေး၊ ငွေကျပ် တသိန်းလည်းပေးပြီး စည်းရုံးနေတာနဲ့ အနုပညာရှင်တချို့နဲ့ တွေ့ဆုံတာတွေ DVB သတင်းမှာ ဖော်ပြတာ တွေ့ရပါတယ်။
အဲဒီသတင်းတွေကို စုစည်းလိုက်ရင် ပြည်ခိုင်ဖြိုးဟာ ပြည်ခိုင်ဖြိုး ပီသစွာ ကလိမ်ကကျစ်နည်းစဉ်တွေနဲ့ စတင်တာထွက်လာတာ မြေကြီးလက်ခတ်မလွဲ။ အဲဒီကိစ္စ ရန်ကုန်မှာနေတဲ့ ငယ်သူငယ်ချင်းတယောက်နဲ့ အွန်လိုင်းပေါ် စကားစပ်မိတော့ သူ့မိတ်ဆွေ မြို့နယ်အဆင့် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တဦးက ဒီလိုအချိန်မှာ စည်းရုံးစရာ ဒီနည်းသာ ရှိတာကြောင့် ရှိတဲ့နည်းနဲ့ ကျုံးသွင်းရတာပဲလို့ ပြောကြောင်း ဖောက်သည်ချတယ်။
ရွေးကောက်ပွဲ ဘယ်နေ့ လုပ်မယ်ဆိုတဲ့ အချိန်ဇယား မထွက်သေးတာတောင် ပြည်ခိုင်ဖြိုးပါတီက မရိုးမသားနည်းတွေနဲ့ စတင်ဗြောင်ကျပြီ ဆိုတဲ့သဘော။ ပြည်ခိုင်ဖြိုး ဆိုတာ စစ်အုပ်စုဝင် ပင်မပါတီ ဖြစ်တာကြောင့် မင်းအောင်လှိုင်ရှေ့ အပိုးကျိုးကျိုး နေပြတတ်ရင် တရားမဝင် ရွေးကောက်ပွဲအပြီး အာဏာဝေစု ကြီးကြီးရမှာ သေချာနေလျက်နဲ့ ကလိမ်ကျမှုတွေက စတင်။ တရားမဝင် ရွေးကောက်ပွဲဝင်ကြမယ့် တခြားပါတီတွေနဲ့ နှိုင်းယှဉ်ရင် ၁၀ မူးမက ပိုရှူနေရတာတောင် အာဏာနဲ့ သိုက်တူးခြင်းအရသာကို ကောင်းကောင်းခံစားခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ်တွေက ဘယ်ပါတီကိုမှ အာဏာခွဲမပေးချင်တဲ့ မတော်လောဘ။ ပြီးတော့ ပြည်ခိုင်ဖြိုး ဘယ်လိုပဲ ကလိမ်ကျသည် ဖြစ်စေ၊ တခြားပါတီတွေက မကန့်ကွက်ရဲတာလည်း ပါတာပေါ့။
အမှန်တကယ်လည်း အဲဒီကလိမ်သတင်းက တခြားပါတီတွေရဲ့ နားထဲ ရောက်နေပေမဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးရဲ့ ပြည်သူ့ပါတီတောင် အသံတစ်စက် မထွက်။ တချိန် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က လက်သီးလက်မောင်းတန်းခဲ့တဲ့ပါတီတွေရဲ့ ခေါင်းဆောင် သိန်းညွန့်နဲ့ ခင်မောင်ဆွေ ဆိုရင်လည်း ကာလုံ အကြံပေးအဖြစ်နဲ့ ချောင်ထိုးခံနေရတာတောင် နေပြည်တော်မှာ အပိုးကိုကျိုးလို့။ မင်းအောင်လှိုင် အာရုံနောက်အောင် မလုပ်ရဲကြ။ တရားမဝင် ရွေးကောက်ပွဲ ရလဒ်က ဘာကြီးဖြစ်နေနေ၊ မင်းအောင်လှိုင် မျက်နှာတချက်ပျက်ရင် ဇာတ်ပျက်သွားနိုင်တာ ကောင်းကောင်း သိနေလေတော့ မင်းအောင်လှိုင်အလိုကျ အပြောအဆိုဆင်ခြင်နိုင်မှ။
မင်းအောင်လှိုင် လိုချင်တာလည်း အဲဒါပဲ။ ၁၀ တန်းအောင်ဖို့ မလိုဘူး။ နိုင်ငံရေးတွေ ဘာတွေ သိပ်သိစရာလည်း မလိုဘူး။ အလိုက်သိတတ်ဖို့ပဲ။ မျက်နှာရိပ်မျက်နှာကဲ ကြည့်တတ်ဖို့ပဲ။ မင်းအောင်လှိုင် ဆိုတာ ဓားထက်တယ်။ အချိန်တန်ရင် အာဏာလေး နှစ်ပဲခြောက်ပြား ပေးမယ်။ အပိုးကျိုးကြ။
လင်းဆက်ငြိမ်းချမ်း