
အာဏာရှင် မင်းအောင်လှိုင်ဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ အယောင်ဆောင် အသွင်ပြောင်း အစိုးရတရပ်ကို ဖွဲ့စည်းလိုက်ပြီးနောက်မှာပဲ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ ဒါဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့ကစလို့ နောက်ပိုင်းမှာ တိုင်းနဲ့ ပြည်နယ် အသီးသီးက မြို့နယ်တွေကိုပါ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ဖူးပါတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း ရှမ်းမြောက်က မဘိမ်းနဲ့ မိုးမိတ်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာပြီး မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးကို အခွင့်အာဏာ အလုံးစုံ ပေးအပ်ခဲ့ဖူးပါတယ်။ သူတို့ စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်မှာပဲ မဘိမ်းနဲ့ မိုးမိတ်တို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ထဲ လုံးလုံးကျရောက်သွားတာပါ။
အခုတခါ ထပ်ကြေညာပြန်တဲ့ မြို့နယ်တွေထဲမှာ စကစနဲ့ တိုက်ပွဲဖြစ်ထားခြင်းမရှိတဲ့ ‘ဝ’ နဲ့ ကိုးကန့် NDAA တို့ ထိန်းချုပ်ထားတဲ့ ဟိုပန်နဲ့ မိုင်းလားတို့လည်း ပါဝင်နေပါတယ်။ ဒါကို တချို့ကလည်း အံ့အားသင့်ကြပါတယ်။ ဟိုပန်မြို့နယ် ဆိုတာက ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ မဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိပြီး ‘ဝ’ တပ်ဖွဲ့ကို ပေးအပ်ထားတာပါ။ မိုင်းလားကတော့ အရင်ကတည်းက စကစနဲ့ စစ်မဖြစ်တဲ့ NDAA လက်အောက်မှာ ရှိပြီးသားပါ။ ဒီမြို့နယ်နှစ်ခုကိုပါ စစ်အုပ်ချုပ်ရေးထဲ ထည့်သွင်း ကြေညာခဲ့တာက ဘာ့ကြောင့်ပါလဲ။
“စစ်တုရင်စကားနဲ့ ပြောရရင် စကစက ခွချက် ချက်တာပေါ့။ ကျန်တဲ့ဒေသတွေ မပြောနဲ့ ‘ဝ’ လက်ထဲရောက်နေတဲ့ ဟိုပန်ကိုလည်း သူတို့ ပြန်တိုက်ယူမယ်လို့ ဟန်ရေးပြတာပေါ့။ မိုင်းလားကတော့ သက်သက်မဲ့ နားရွက်တံတွေးဆွတ်ပြတာပဲ။ သူ့အပေါ် NDAA က ဘာမှ ပြန်မလုပ်နိုင်မှန်း သူတို့ သိထားတာကိုး။ ဒီတော့ ဒီနှစ်မြို့ကို ထည့်ရတဲ့ အကြောင်းအရင်းက တခြားလက်နက်ကိုင်အဖွဲ့တွေကို မင်းတို့မပြောနဲ့၊ ‘ဝ’ နဲ့ NDAA ကိုပါ ငါတို့က ဂရုစိုက်တာ မဟုတ်ဘူး ဆိုတဲ့သဘော ချပြတာပေါ့။ နောက်တချက်ကတော့ သူတို့ ဒီလို နားရွက် တံတွေးဆွတ်သွားတာကို ‘ဝ’ နဲ့ NDAA က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို စောင့်ကြည့်ချင်တာပေါ့။ လေသံမာလား၊ ပျော့လား ဆိုတာကို နားထောင်ပြီး တဖက်ရဲ့ သဘောထားကို သူတို့မှန်းဆလို့ရအောင် လုပ်တာပေါ့။ သူတို့ထုတ်ပြန်ပြီး နောက်တနေ့မှာပဲ ဧရာဝတီနဲ့ NDAA က ပြောခွင့်ရ ဦးကြည်မြင့်တို့ အင်တာဗျူးလုပ်တယ်လေ။ ဦးကြည်မြင့်က ဘာလို့ ဒီလို ကြေညာတဲ့အထဲ ထည့်လဲလို့ နားမလည်ဘူးဆိုတဲ့ သဘောမျိုး ပြောသွားတယ်။ ဒါဆို စကစက NDAA ဘက်က လေသံပျော့တယ်၊ ရေမြွေပဲဆိုတာမျိုး တွက်ဆလို့ရပြီပေါ့” လို့ အမည်မဖော်လိုတဲ့ စစ်ထောက်လှမ်းရေးဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။
မင်းအောင်လှိုင်ရဲ့ အသွင်ပြောင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ရှမ်းပြည်နယ် ၁၅ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ ကချင်ပြည်နယ် ၅ မြို့နယ်၊ ကရင်နီပြည်နယ် ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ စစ်ကိုင်းတိုင်း ၉ မြို့နယ်၊ မကွေးတိုင်း ၅ မြို့နယ်နဲ့ မန္တလေးတိုင်း ၃ မြို့နယ် စုစုပေါင်း ၆၃ မြို့နယ်ကို ကြေညာထားတာပါ။ ၂၀၂၅ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတာဖြစ်တဲ့အတွက် မတိုင်မီကာလ ရက်ပေါင်း ၉၀ အတွင်း စစ်အုပ်ချုပ်ရေး ကြေညာပြီး ဒေသတချို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်လာတာပါ။ ရက် ၉၀ အတွင်း သူတို့ကြေညာထားတဲ့ ၆၃ မြို့နယ်စလုံးကို ပြန်ထိန်းချုပ်နိုင်ဖို့ ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။
“ဟုတ်ပါတယ်။ ဒါကတော့ သေချာပါတယ်။ အားလုံးကို သုံးလအတွင်း သူတို့ ပြန်ထိန်းချုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ သဘောသဘာဝအရက ဘယ်နေရာကို စစ်ဦးချိုးထားမယ်၊ ဘယ်နေရာတွေကို အဓိကထား တိုက်မယ် ဆိုတာတွေကို ရွေးချယ်ထားလေ့ ရှိပါတယ်။ လက်ရှိအခင်းအကျင်းမှာလည်း သူတို့ ဒီအတိုင်းသွားမှာပါ” လို့ စစ်ထောက်လှမ်းရေးဟောင်းက ပြောပါတယ်။
မျက်မှောက်အခြေအနေအရ စစ်တပ်ဟာ TNLA ထိန်းချုပ်ရာ ဒေသတွေကို အဓိကထား ထိုးစစ်ဆင်သွားဖို့ ရှိနေတယ်လို့လည်း သူက သုံးသပ်ပါတယ်။
စစ်ထောက်လှမ်းရေးဟောင်းက “လတ်တလော အနေအထားအရ သေချာတာက T (TNLA) တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်သိမ်းဖို့ လုပ်မှာပါ။ ရခိုင်ကိုကြည့်ကြည့်၊ ကယားကိုကြည့်ကြည့် စကစအတွက်က ချက်ချင်း ပြန်တိုက်ယူရလောက်အောင် မက်မောစရာမရှိပါဘူး။ ရခိုင်မှာဆိုရင် ကျောက်ဖြူစီမံကိန်းကလွဲရင် မက်စရာ သယံဇာတမရှိဘူး။ ကယားလည်း ထို့အတူပါပဲ။ T တွေဆီမှာတော့ မိုးကုတ်ရှိနေတယ်။ ကျောက်မျက်ရတနာထွက်တဲ့ဒေသ ရှိနေတဲ့အပြင် ဆက်စပ်နယ်မြေဖြစ်တဲ့ သပိတ်ကျင်းမှာလည်း ရွှေတောတွေ ရှိတယ်။ ဒီတော့ စကစက ဒီဒေသတွေကို ဖိတိုက်ပါလိမ့်မယ်။ ကျောက်မဲ၊ သီပေါကလည်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ပွင့်ဖို့နဲ့ စကစက သူ့အားသူကိုးပြီးလည်း ပြန်တိုက်ယူနိုင်တယ် ဆိုတာကို တရုတ်ကို ပြသနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ နောက်ပြီး ကျောက်မဲ-သီပေါကို ပြန်ရလိုက်ရင် MNDAA ကို အနီးကပ် ခြိမ်းခြောက်နိုင်တဲ့အဆင့်ကို ရောက်သွားမှာကိုး။ ဒါ့ကြောင့် လာမယ့် သုံးလအတွင်း ဒီဒေသတွေကိုပဲ ပိုပြီး အားထည့်တိုက်ခိုက်မှာ သေချာပါတယ်” လို့ ဆက်ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ ညီနောင်သုံးဖွဲ့ထဲမှာ TNLA က NUG နဲ့ ပိုပြီး နီးကပ်တယ်လို့ စကစက ယူဆထားပါတယ်။ NLD နဲ့ NUG ဟာ စကစဘက်က အမုန်းတီးဆုံး အဖွဲ့တွေ ဖြစ်နေတဲ့အတွက် သူတို့နဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိနေတယ်လို့ ယူဆထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို အငြိုးထား တိုက်ခိုက်မှာလည်း ဖြစ်ပါတယ်။ ရှမ်းမြောက်အခင်းအကျင်းနဲ့ သိမ်းပိုက်ဒေသ မြေပြင်အနေအထားအရ TNLA ဟာ NUG နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထူထောင်ထားရတာကလည်း သဘာဝကျပါတယ်။ TNLA ထိန်းချုပ်နယ်မြေတွေရဲ့ ဆက်စပ်ဒေသတွေကို NUG ရဲ့ PDF တပ်တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ရှေ့ဆုံးမှာ PDF၊ PDF ရဲ့ နောက်မှာ TNLA၊ TNLA ရဲ့ နောက်မှာမှ MNDAA ဆိုတဲ့ အနေအထား ဖြစ်နေတာပါ။
“အခြား တိုင်းဒေသကြီးတွေက PDF အဖွဲ့ငယ်လေးတွေကို လိုက်တိုက်ပြီး သူတို့ အချိန်ကုန်ခံမှာ မဟုတ်ဘူး။ Tတွေကို ဖြိုနိုင်ရင် P တွေရဲ့ စိတ်ဓာတ်တွေက အလိုလို ပြိုဆင်းလာလိမ့်မယ်လို့ သူတို့ သေချာပေါက် တွက်ဆမှာပဲ။ အလယ်ကို ဖောက်စားလိုက်ရင် ဟိုဘက်၊ ဒီဘက်ကို ခြိမ်းခြောက်နိုင်ပြီကိုး။ ဒါ့ကြောင့် TNLA ထိန်းချုပ်ရာဒေသမှာ နေထိုင်နေကြရတဲ့ ပြည်သူတွေ အထူးသတိထား နေထိုင်ကြပါ” လို့ သူက ဆိုပါတယ်။
တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို အဓိကထား ဖိမတိုက်နိုင်ဘူး ဆိုပေမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ပါရာမိုတာနဲ့ အပေါ်စီးက တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ ဖိအားပေးထားနိုင်တာမို့ အခြားဒေသနေ ပြည်သူများလည်း သတိမပြတ် ထားရှိကြစေလိုကြောင်းပါခင်ဗျား။
စောအဲမွန်