Home
မြန်မာသတင်း
မန္တလေးတွင် စစ်ကောင်စီ စစ်ဆေးရေး ပိုမိုတင်းကျပ်လာ
DVB
·
August 6, 2025

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအကြောင်းပြကာ စစ်ဆေးမှုတွေ ပိုများလာတာကြောင့် စိုးရိမ်နေရတယ်လို့ မန္တလေးမြို့ခံတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီ တပ်သားနဲ့ ရဲတွေအပြင် ပြည်သူ့စစ်အဖွဲ့တွေကပါ ရပ်ကွက်အတွင်းက လူစည်ကားတဲ့ နေရာတွေမှာ ဆိုင်ကယ်နဲ့ သွားလာနေသူတွေကို အဓိကထား စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ပြဋ္ဌာန်းထားတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေနဲ့ မလွတ်ကင်းတဲ့ VPN အပါဝင် တခြားဆော့ဝဲလ်တွေကို ဖုန်းအတွင်း တွေ့ရှိတဲ့အခါ ငွေကြေးတောင်းခံတာ၊ စစ်မှုထမ်းအတွက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ မန္တလေး ဒေသခံတယောက်က DVB ကိုပြောပါတယ်။

“အရင်ကလည်း စစ်ဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းက ပိုဆိုးလာတယ်။ လူသွားလူလာ များတဲ့နေရာတွေမှာ သေချာ ကျကျနနကို စစ်တာ။ လမ်း ၃၀ နဲ့ ၅၈ လမ်းမှာဆို ညနေဘက်ဆို ပုံမှန်လို စစ်ဆေးတာတွေ ရှိတယ်။ ဆိုင်ကယ် လိုင်စင်၊ ဦးထုပ် အကုန်အစစ်တယ်။ VPN တွေ ဘာတွေ‌ရော အကုန်စစ်တယ်။ စစ်လို့ တခုခုတွေ့ရင် ဖြစ်ဖြစ်၊ မသင်္ကာရင် ဖြစ်ဖြစ် ဖမ်းထားပြီး ငွေညစ်တာ၊ မရရင် စစ်မှုထမ်းအတွက် ပို့လိုက်တာ။”

ဆိုင်ကယ် လိုင်စင် နဲ့ ယဉ်မောင်း လိုင်စင်တွေပါ စစ်ဆေးနေတာကြောင့် လိုင်စင်မဲ့ ဆိုင်ကယ် စီးနင်းနေသူတွေအတွက် သွားလာရေး အခက်ခဲ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လမှ စတင်ခဲ့တဲ့ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး အတွင်း မန္တလေးတိုင်းထဲက မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့နဲ့ မတ္တရာမြို့နယ်အတွင်းက နယ်မြေတချို့ကိုပါ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူထိန်းချုပ်လိုက်ပြီး မန္တလေးမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ကို စစ်ရေးအရ ဖိအားပေးထားခဲ့တာပါ။

နှစ်ဖက် တိုက်ပွဲတွေ မန္တလေးမြို့နဲ့ ပိုမိုနီးကပ်လာပြီးနောက် မြို့အတွင်း လုံခြုံရေးကို စစ်ကောင်စီက ပိုမိုတင်းကျပ်လာပြီး စစ်ဆေးမှုတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo - CJ (ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်အတွင်း စစ်ကောင်စီ လက်နက်ကိုင်များ စီးနင်းဝင်ရောက်ခဲ့စဉ်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013