Home
မြန်မာသတင်း
စစ်ကောင်စီက အမေရိကန်လော်ဘီ ကုမ္ပဏီကို တနှစ် ဒေါ်လာ ၃ သန်းပေးငှားရမ်း 
DVB
·
August 8, 2025

အာဏာသိမ်း စစ်ကောင်စီက အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ဖို့ ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်လော်ဘီကုမ္ပဏီ DCI Group နဲ့ တနှစ် အမေရိကန်ဒေါ်လာ ၃ သန်းတန် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

အမေရိကန်လွှတ်တော်က ထုတ်ပြန်တဲ့ မှတ်ပုံတင်စာချုပ်စာတမ်းတွေထဲမှာ စစ်ကောင်စီနဲ့ DCI Group တို့ ဩဂုတ် ၁ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုးထားတဲ့စာချုပ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

စာချုပ်ပါဖော်ပြချက်တွေအရ တနှစ်ကို ၃ သန်းနှုန်း၊ တနှစ်မှာ ၂ ကြိမ်ခွဲပေးဖို့ စစ်ကောင်စီက သဘောတူထားတာပါ။

ပထမအရစ် ငွေပေးချေမှုအဖြစ် DCI Group ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ဇူလိုင် ၃၁ ရက်မှာ ပေးချေခဲ့တယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စာချုပ်မှာ စစ်ကောင်စီဘက်က ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမြင့်ကျော်နဲ့ သံရုံးဝန်ထမ်းတယောက် ပါဝင်လက်မှတ်ရေးထိုးထားပြီး DCI ဘက်က ရီပတ်ဘလစ်ကန်ပါတီ၊ သမ္မတထရမ့်ပ်တို့နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဂျက်စတင်ပီတာဆန်နဲ့ ရွိုင်ရန်ဂယ်ရီလိုတို့ ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

စာချုပ်မှာဖော်ပြချက်တွေအရ စစ်ကောင်စီက အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့၊ ကုန်သွယ်ရေးတွေ အဆင်ပြေအောင်လုပ်ဖို့၊ သဘာဝသယံဇာတ ထုတ်လုပ်ရေးမှာ ပူးပေါင်းပြီးတော့ ဖွံ့ဖြိုးရေးလုပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေရအောင် ပံ့ပိုးဖို့ စတာတွေနဲ့ပတ်သက်ပြီး DCI ဘက်က လော်ဘီလုပ်ပေးဖို့ သဘောတူထားတာပါ။

၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဝင်းက “၃ နှစ်စာချုပ်ပေါ့၊ ဒီဘက်ကတော့ DCI က ၂ ယောက် လက်မှတ်ထိုးတယ်။ စစ်ကောင်စီဘက်က ကိုယ်စားလှယ်က ပြန်ကြားရေးဝန်ကြီးဌာနက တယောက်ပါတယ်။ နောက်တယောက်က သံရုံးဝန်ထမ်းတယောက်ပေါ့။ စာချုပ်အတိုင်း ပြောရမယ်ဆို ဩဂုတ် ၁ ရက်က နေ့စွဲနဲ့ Foreign Access Registration Act ဆိုတာ အမေရိကန်လွှတ်တော်မှာ လွှင့်တင်ထားတဲ့ မှတ်ပုံတင်စာချုပ်စာတမ်းတွေမှာတွေ့လို့ တို့လည်း စပြီးသိတာပေ့ါ။ DCI Group က အထူးအဆန်းတော့မဟုတ်ဘူး၊ ဦးသန်းရွှေလက်ထက်၊ ဦးခင်ညွန့်တို့ လက်ထက်မှာ သူတို့ရဲ့ရာဇဝတ်မှုတွေကို White Wash လုပ်ဖို့ သူတို့ငှားဖူးတယ်။ အခုထပ်ငှားတာပေါ့။ ဘာကြောင့် DCI ကို ငှားရသလဲဆိုတော့ ရီပတ်ဘလစ်ကန်နဲ့ နီးစပ်လို့ပဲ ဒီကုမ္ပဏီက။ DCI ရဲ့စာချုပ်မှာ လက်မှတ်ထိုးတဲ့ ၂ ယောက်က ဂျက်စတင်ပီတာဆန် ဆိုတာက ဂျော့ဒဗလျူဘုရှ် လက်ထက်မှာ မဲဆွယ်ရေးလုပ်ပေးခဲ့တဲ့လူ။ ဂျက်စတင်ပီတာဆန်က အဲဒီလိုမျိုး သမ္မတဘုရှ်နဲ့ရော သမ္မတထရမ့်ပ်နဲ့ရော ဆက်ဆံရေးကောင်းတယ်ပေါ့နော်။ နောက်တယောက် ရွိုင်ရန်ဂယ်ရီလို ဆိုတာက ဆီနိတ်တာ ချာ့ချ်ဟီဂယ်ရဲ့ ကိုယ်စားလှယ်တော် လုပ်ခဲ့ဖူးတယ်။ ချာ့ချ်ဟီဂယ် ဆိုတာက ကာကွယ်ရေးနဲ့ပတ်သက်တဲ့လူပေါ့နော်” လို့ ပြောပါတယ်။

Burma Act ကို ပိုအားကောင်းစေမယ့် BRAVE Burma Act၊ Burma GAP Act နဲ့ No New Burma Funds Act ဥပဒေကြမ်း ၃ ခုကို အမေရိကန် ကွန်ဂရက်လွှတ်တော် ကော်မတီတွေက ဇူလိုင် ၂၂ ရက် တရက်တည်းမှာ အတည်ပြုခဲ့သလို နောက်ရက်မှာပဲ သမ္မတထရမ့်ပ် အစိုးရက စစ်ကောင်စီနဲ့ ဆက်စပ်သူ ၃ ယောက်ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ ဖယ်ရှားပေးခဲ့တာပါ။

ဒီလိုအခြေအနေမှာ အခွင့်အရေးယူဖို့ အဆင်သင့်ရှိနေတဲ့ လော်ဘီတွေရဲ့ခြေလှမ်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့ အစည်းအဝေးမှာပါဝင်တဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဇူလိုင်တတိယအပတ်ထဲမှာ စစ်ကောင်စီကိုယ်စား လော်ဘီလုပ်ပေးမယ့် ဒေါက်တာဇော်ဦးနဲ့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းဦးတို့ ဝါရှင်တန်ဒီစီကို လာဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အထမမြောက်ခဲ့ပါဘူး။

လော့စ်အိန်ဂျလိစ်မြန်မာ လှုပ်ရှားမှုအဖွဲ့ (LA2M) မှ ဂျိမ်းစ်ရွှေက “ဒေါက်တာဇော်ဦးတို့ မင်းမင်းဦးတို့က သူတို့ ဒီကိုလာဖို့ အထက်က ဘာမှ မကြားသေးဘူးပေါ့နော်။ ဒေါက်တာဇော်ဦးက သူ ဘားဝဲလ်ဂရုပ်ကတောင် ဝက်ဘ်ဆိုက်မှာ မတွေ့တော့ဘူး။ စကစပဲ သွားကပ်နေတာ။ ဒီကလူတွေကတော့ ကျနော်တို့ပြောရင်တော့ ချက်ချင်းပြန်တယ်ဗျ၊ ကွန်ဂရက်စ်က လူတွေရော အကုန်လုံး သေသေချာချာတော့ စောင့်ကြည့်နေကြတာပဲ” လို့ ပြောပါတယ်။

မြန်မာ့အရေးအတွက် သမ္မတထရမ့်ပ် အစိုးရနဲ့ လွှတ်တော်ကို ချဉ်းကပ် ချိတ်ဆက်ရေးမှာ ပိုပြီး စနစ်တကျ ပြုလုပ်နိုင်အောင် အမေရိကန်ပြည်နယ် ၅၀ ရောက် မြန်မာတွေ စုပေါင်းပါဝင်တဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဒေသစံတော်ချိန် ဩဂုတ် ၂ ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီလော်ဘီတွေရဲ့ လုပ်ရပ်တွေကို တုံ့ပြန်ရေးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း UN မှာ ဆက်လက်ကိုယ်စားပြုခွင့်ရရေးတို့ အပါအဝင် မြေပြင်ကပြည်သူတွေရဲ့ အခက်အခဲကို နိုင်ငံတကာ အစိုးရတွေ ပိုသိလာအောင် ဆောင်ရွက်ကြဖို့ ဆွေးနွေးပွဲကို ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013