
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဝေါလေဗျူဟာကုန်းစခန်း မကျဖို့ကို စစ်ကောင်စီတပ်က အပြင်းအထန် ကာကွယ်နေရပြီး လေယာဥ်နဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတာ၊ လေယာဥ်နဲ့ ရမ်းသန်းဗုံးကြဲနေတာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မြေပြင်က ရိက္ခာပို့ဆောင်မှုတွေ မလုပ်နိုင်တော့ဘဲ လေကြောင်းကနေ လက်နက်ခဲယမ်း ရိက္ခာတွေကိုသာ ပို့ဆောင်နေရပြီး စစ်ကောင်စီတပ်က ပို့ဆောင်တဲ့ ခဲယမ်းတချို့နဲ့ ရိက္ခာတချို့ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရရှိတယ်လို့ ဆိုပါတယ်။
ဝေါလေစခန်း ပိတ်ဆို့တာဝန်ယူနေတဲ့ တပ်ဖွဲ့ဝင်တယောက်က “ဝေါလေစခန်းကို ပိတ်ဆို့ထားလို့ မြေပြင်က မတက်ရဲတဲ့အခြေအနေ ဖြစ်နေပြီ။ သူတို့တက်မယ့်လမ်းတွေ အကုန်ပိတ်ဆို့ထားတယ်။ သူတို့အားကိုးတာ လေယာဥ်ပဲရှိတော့တယ်။ လေယာဥ်ကတော့ မကြာခဏ ကြဲနေတာပဲ။ Y12, Y8 လေယာဥ်အမျိုးစားတွေနဲ့ ရိက္ခာပို့တာ၊ ဗုံးကြဲတာကတော့ အမြဲလုပ်နေတယ်” လို့ ပြောပါတယ်။
“သြဂုတ် ၆ ရက် မနက်အစောကြီးကလည်း Y8 လေယာဥ်၊ Y12 လေယာဥ်နဲ့ ရိက္ခာလည်းလာချ၊ ဗုံးလည်းကြဲ လုပ်သွားသေးတယ်။ လေယာဥ်သံမကြားရရင် အိပ်မပျော်သလိုတောင် ဖြစ်နေပြီ။ သူတို့လာကြဲတဲ့ လေယာဥ်ဗုံးသီးကို ကိုယ့်ဆီကရဲဘော်တွေ မထိပေမဲ့ သူတို့လာချတဲ့ ရိက္ခာနဲ့ ခဲယမ်း ဗုံးသီးတွေကိုတော့ ကျနော်တို့ မကြာခဏရတယ်” လို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ ဥကရစ်ထစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်အပြီးမှာ စစ်ကောင်စီတပ်က ဝေါလေစခန်းမကျရေးကို ကြိုတင်ပြင်ဆင်တာတွေ လုပ်နေပြီး ဝေါလေဗျူဟာကုန်းစခန်းမှာ ၁၂၀ မမ လက်နက်ကြီးတွေ တပ်ဆင်ထားတာ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ ဆင်ထားပြီး ထင်ရာနေရာတွေကို ရမ်းသန်း ပစ်ခတ်နေတဲ့အပြင် ဝေါလေဗျူဟာစခန်းရဲ့ မလှမ်းမကမ်းကိုလည်း လေယာဥ်နဲ့ ဗုံးကြဲတာတွေကိုပါ လုပ်ဆောင်နေတာလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။